မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ရောင်းချမည့်တိုက်ခန်းများတွင် ကိုဗစ်-၁၉ ကုသရေးစင်တာအဖြစ် အသုံးပြုခဲ့ခြင်းကြောင့် ပြင်ဆင်ရသည့်အတွက် ကုန်ကျစရိတ်များ တိုးမြင့်လာ၍ တိုက်ခန်းအရောင်းစျေးနှုန်းများ ပြင်ဆင်သတ်မှတ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တန်ဖိုးနည်း/တန်ဖိုးသင့်အခန်းများကို အတိုးနှုန်းသက်သာသော ချေးငွေစနစ်ဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း ရောင်းချပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ဆောက်လုပ်ရေး၊အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ အိမ်ရာစုဆောင်း ငွေကျပ်သိန်း ၃၀ နှင့်အထက် ပြည့်မီအောင် စုဆောင်းထားသူ ၂၇၈၈ ဦးစာရင်းတွင် ပါဝင် သူများမှ မိမိတို့ ဝယ်ယူလိုသော အိမ်ရာနှင့် အခန်းအမျိုးအစားအား DUHD Sale Housing Facebook Page Messenger မှ တစ်ဆင့် စာရင်းပေးသွင်းခြင်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၃ ရက်မှ ၂၇ ရက်အထိ လက်ခံပေးထားသည်။ အိမ်ခန်းဝယ်ယူရန် စာရင်းပေးသွင်းထားသူများသည် ယခု ပြင်ဆင်သတ်မှတ်သည့်နှုန်းထားဖြင့် အခန်းတန်ဖိုးပေးသွင်းရမည်ဖြစ်သည်။
အိမ်ခန်းဝယ်ယူရန် စာရင်းပေးသွင်းထားသူများအားလုံးကို အိမ်ခန်းဝယ်ယူခွင့်ရှိသူများအဖြစ် သတ်မှတ်၍ မဲနှိုက်ရွေးချယ်ပြီး ဝယ်ယူခွင့်ပြုသွားမည်ဖြစ်ကြောင်းနှင့် မဲနှိုက်မည့်နေ့မှင့်အစီအစဉ်ကို ထပ်မံကြေညာမည်ဖြစ်ကြောင်း သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနက အိမ်ခန်းပေါင်း တစ်သောင်းပါဝင်သည့် ပြည်သူ့ အငှားအိမ်ရာစီမံကိန်းကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် ဆောင်ရွက်လျက်ရှိရာ စီမံကိန်းပထမအဆင့်အနေဖြင့် အိမ်ခန်းပေါင်း ၅၀၀၀ ကျော်အား တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွင်း နေပြည်တော်တွင် အိမ်ခန်းပေါင်း ၄၄၈ ခန်း၊ ရန်ကုန်မြို့တွင် အိမ်ခန်းပေါင်း ၃၁၀၄ ခန်းနှင့် မန္တလေးမြို့တွင်အိမ်ခန်းပေါင်း ၁၄၅၆ ခန်းတို့ကို တည်ဆောက်လျက်ရှိသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနသည် ဝင်ငွေနည်းပြည်သူများအတွက် တန်ဖိုးနည်း၊ တန်ဖိုးသင့် အရောင်းအိမ်ရာစီမံကိန်းများအဖြစ် ကျန်စစ်မင်းအိမ်ရာ၊ ရွှေလင်ဗန်း အိမ်ရာ၊ ယုဇနအိမ်ရာ၊ ကနောင်အိမ်ရာ၊ အောင်မြင့်မိုရ်နှင့် သီလဝါဥယျာဉ် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကို ဆောက်လုပ်ရောင်းချပေးနေခြင်းဖြစ်သည်။
အိမ်ရာလိုအပ်လျက်အများဆုံးဖြစ်သည့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေကျပ် ၁၅ ဘီလျံ၊ အငှား အိမ်ရာအခန်းပေါင်း ၈၁၂ခန်း၊ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင် အိမ်ရာအခန်းပေါင်း ၁၂၀ တည်ဆောက်ပေးခဲ့ပြီး နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာစီမံကိန်းများကို တိုင်းဒေသကြီး ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ဆောက်လုပ်ဖြည့်ဆည်းပေးလျက်ရှိပြီး အိမ်ခန်းများချထားရေးကို တာဝန်ယူဆောင်ရွက်ပေးနေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။









