မြန်မာနိုင်ငံတွင်ရှိသော ရေအားလျှပ်စစ် အရင်းအမြစ်များမှ စီမံကိန်းများပူးပေါင်းဆောင်ရွက်နိုင်ရေး မြန်မာ-ရုရှား ဆွေးနွေးခဲ့ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာအန်နာသို လီဘူးလော့ချ်နိကော့ ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၃ ခုနှစ် ဧပြီ ၂၆ ရက်က လျှပ်စစ်စွမ်း အားဝန်ကြီးဌာန ရုံးအမှတ် (၂၇) အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် ရုရှား-မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခဲ့သည့် (၇၅) နှစ်မြောက်ကာလအတွင်း ချစ်ကြည်ရင်းနှီးစွာဖြင့် ရေရှည်လက်တွဲဆောင်ရွက်ခဲ့မှု အကျိုးရလဒ်အဖြစ် ကဏ္ဍပေါင်းစုံအောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့သည့်အခြေအနေများ၊ မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုရှားနိုင်ငံမှ ယခင်ကာလများကပင် ကူညီပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ ရုရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်ခဲ့စဉ်ကာလအတွင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံများအား လေ့လာခဲ့မှုနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာနိုင်ငံတွင်ရှိသော ရေအားလျှပ်စစ်အရင်းအမြစ်များမှ စီမံကိန်းများ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် မြန်မာနိုင်ငံမှ ပြည်တွင်းကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများနှင့် ပတ်သက်၍ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွင်း ကဏ္ဍအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအနေဖြင့် လျှပ်စစ်စွမ်းအင်ကဏ္ဍ၌ ဒေါ်လာသန်း ၈၂၀ ကျော်ဖြင့် အများဆုံးဝင်ရောက်မြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
လျှပ်စစ်စွမ်းအင်ကဏ္ဍ၌ နှစ်အလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၉၃ ဒသမ ၂၈၀ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တွင် ဒေါ်လာ ၁၀၂၆ ဒသမ ၈၉၀ သန်း၊ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဒေါ်လာ ၃၁၂၁ ဒသမ ၃၂၃ သန်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာမှ မတ်လအထိ ကြားကာလ ခြောက်လအတွင်း ဒေါ်လာ၂၀ ဒသမ ၅၈၄ သန်း၊ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၈၂၀ ဒသမ ၂၇၀ သန်း ဝင်ရောက်ခဲ့သည်။
မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် မကြာမီတင်ဒါခေါ်ယူရန် ပြင်ဆင်နေပြီးတရုတ်လုပ်ငန်းရှင်များ လာရောက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။









