၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဖေဖော်ဝါရီ ၁၇ ရက်အထိ ပြည်ပနိုင်ငံများသို့ ဆန်တန်ချိန် ၁ ဒသမ ၁၇၅ သန်းတင်ပို့ ထား ပြီး ယခင်နှစ်ကာလတူထက် တန်ချိန် ၃၅၀၀၀ ကျော် ပိုမိုတင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဖေဖော်ဝါရီ ၁၇ ရက်အထိ (ယာယီ) စာရင်းများအရ ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှုတွင် ဆန်တန်ချိန် ၁၁၇၅၃၇၉ ဒသမ၂၄၆ တန်တင်ပို့မှုမှ တန်ဖိုး ဒေါ်လာ ၄၅၃ ဒသမ ၁၃၀ သန်းရရှိခဲ့သည်။ ဆန်ကွဲ တန်ချိန် ၇၄၇၂၁၁ ဒသမ ၈၆၀ တန်တင်ပို့မှုမှ တန်ဖိုးဒေါ်လာ ၂၅၇ ဒသမ ၂၂၃ သန်းဖြင့် စုစုပေါင်း ဆန်နှင့် ဆန်ကွဲတင်ပို့နိုင်မှုမှ တန်ချိန် ၁၉၂၂၅၉၁ ဒသမ ၁၀၆ တန် တင်ပို့မှုမှ တန်ဖိုးဒေါ်လာသန်းပေါင်း ၇၁၀ ဒသမ ၃၅၃ သန်း ရရှိထားသည်။
ယခင်နှစ်ကာ လတူတွင် ဆန်တန်ချိန် ၁၁၄၀၀၆၉ ဒသမ ၈၂၀ တန်၊တန်ဖိုးဒေါ်လာ ၄၀၃ ဒသမ ၀၉၆ သန်း၊ ဆန်ကွဲတန်ချိန် ၇၁၈၉၁၂ ဒသမ ၉၈၀ တန်၊ တန်ဖိုး ဒေါ်လာ ၂၂၂ ဒသမ ၇၂၃ သန်း၊ စုစုပေါင်း ဆန်နှင့် ဆန်ကွဲတင်ပို့နိုင်မှုတန်ချိန် ၁၈၅၈၉၈၂ ဒသမ ၈၀၀ တန်၊ တန်ဖိုး ဒေါ်လာသန်းပေါင်း ၆၂၅ ဒသမ ၈၁၉ သန်း တင်ပို့ခဲ့သည်။
ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၃၅၃၀၉ ဒသမ ၄၂၆တန်၊ တန်ဖိုး ဒေါ်လာ ၅၀ ဒသမ ၀၃၄ သန်း၊ ဆန်ကွဲတင်ပို့မှုအနေဖြင့် ဆန်ကွဲတန်ချိန် ၂၈၂၉၈ ဒသမ ၈၈၀ တန်၊ တန်ဖိုးဒေါ်လာ ၃၄ ဒသမ ၅၀၀ သန်း ပိုမိုတင်ပို့နိုင်ခဲ့သည်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလကုန်အထိ ၁၂ လအတွင်း ပြည်ပသို့ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ ဒေါ်လာ ၆၈၇ ဒသမ ၂ သန်း ရရှိခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၁ ခုနှစ်အတွင်း လအလိုက် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ ဝင်ငွေရရှိမှုအ နေဖြင့် ဇန်နဝါရီလတွင် ဒေါ်လာ ၉၆ ဒသမ ၂ သန်း၊ ဖေဖော်ဝါရီလတွင် ဒေါ်လာ ၄၅ သန်း၊ မတ်လတွင် ဒေါ်လာ ၄၂ ဒသမ ၄ သန်း၊ ဧပြီ လတွင် ဒေါ်လာ ၄၇ ဒသမ ၅ သန်း၊ မေလတွင် ဒေါ်လာ ၇၂ ဒသမ ၈ သန်း၊ ဇွန်လတွင် ဒေါ်လာ ၇၄ ဒသမ ၇ သန်း၊ ဇူလိုင်လတွင် ဒေါ်လာ ၁၈ သန်း၊ သြဂုတ်လတွင် ဒေါ်လာ၁၈ ဒသမ ၈ သန်း၊ စက်တင်ဘာလတွင် ဒေါ်လာ ၃၈ ဒသမ ၂ သန်း၊ အောက်တိုဘာလတွင် ဒေါ်လာ ၅၆ ဒသမ ၂ သန်း၊ နိုဝင်ဘာလတွင် ဒေါ်လာ ၇၂ ဒသမ ၂ သန်းနှင့် ဒီဇင်ဘာလတွင် ဒေါ်လာ ၁၀၅ ဒသမ ၁ သန်းဖြင့် စုစုပေါင်း ဒေါ်လာ ၆၈၇ ဒသမ ၂ သန်းရရှိခဲ့သည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တင်ပို့မှုလျော့ကျခဲ့သော်လည်း ဆန်ကွဲတင်ပို့မှုမြင်တက်ခဲ့သဖြင့် ယခင်နှစ်ကာလတူထက် ဝင်ငွေဒေါ်လာ ၈၄ သန်းကျော် ပိုမိုရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုကို ပျှမ်းမျှအားဖြင့် နှစ်စဉ် ၁၀ ရာခိုင်နှုန်းခန့် တိုးတက်လာအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် တန်ချိန်မြင့်တက်မှုအပြင် ဝင်ငွေပိုမိုမြင့်တက်လာစေရန်အရည်အသွေးကောင်းမွန်သည့် တန်းမြင့်ဆန်များ အမျိုးအစားများ ပိုမိုတင်ပို့နိုင်အောင် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ သိရသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တို ဘာမှ စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ ဒေါ်လာ ၇၀၀ ဒသမ ၁၃ သန်းရရှိခဲ့ကြောင်းသိရသည်။









