မြန်မာနိုင်ငံထုတ် ကုန်စည်များ ဝယ်လို အား ပြန်ကောင်းလာခဲ့ပြီး ထုတ်လုပ်မှုသာမက အော်ဒါအသစ်များပါ တိုးတက်လာ ကြောင်း ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွက် ထုတ်ပြန်သည့် S&P Global မြန်မာထုတ်လုပ်မှု PMI အညွှန်းကိန်းများအစီရင်ခံစာတွင် ဖော်ပြ ထားသည်။
S&P Global မြန်မာထုတ်လုပ်မှု PMI ကို ထုတ်လုပ်သူ ၄၀၀ ခန့်ပါဝင်သည့်အဖွဲ့ တစ်ခုမှ ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာများအတွက် ရရှိသည့်ဖြေကြားချက်များကို အခြေခံပြီး တွက်ချက်ထားခြင်းဖြစ်ကြောင်း သိရသည်။
“ဖေဖော်ဝါရီဒေတာက နှစ်ဆန်းပိုင်းမှာ မြန်မာနိုင်ငံထုတ်ကုန်စည်များအတွက် ဝယ်လိုအား ပြန်အားကောင်းလာခဲ့မှုကို စစ်တမ်းနောက်ဆုံးလအထိ ဆွဲဆန့်ပေးလိုက်မှုကို ပြသနေပြီး ထုတ်လုပ်မှုရော အော်ဒါအသစ်များပါ ပိုမြန်တဲ့နှုန်းနဲ့ တိုးလာခဲ့မှုကြောင့် ဖြစ်ခဲ့ပါတယ်။ အဲဒါရဲ့ရလဒ်အဖြစ် အဓိကအကျဆုံး အညွှန်းကိန်းကို အရေးကြီးတဲ့အမှတ် ၅၀.၀ အထက်သို့ ဆယ်လအတွင်းမှာ ပထမအကြိမ် ပြန်ဆွဲတင်နိုင်ခဲ့ပြီး ထုတ်လုပ်ရေးကဏ္ဍအခြေအနေ အသင့်အတင့်တိုးတက်လာမှုကို အချက်ပြလိုက်ပါတယ်။ အားကောင်းလာနေတဲ့ ဝယ်လိုအားကို ဖြည့်တင်းပေးဖို့ ဝယ်ယူမှုများကိုလည်း တိုးလာခဲ့ကြချိန်မှာ အလုပ်နေရာများ လျော့နည်းလာမှုမှာ ရှစ်လကြာခဲ့တဲ့ လက်ရှိကျဆင်းမှုအစဉ်ထဲမှာ အားအပျော့ ဆုံးနှုန်းဖြစ်လာပါတယ်”ဟု S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောကြားခဲ့သည်။
ဖေဖော်ဝါရီလတွင် စျေးဝယ်များဘက်မှ ဝယ်လိုအား မြင့်တက်လာ၍ ထုတ်လုပ်မှုနှင့်အော်ဒါသစ် နှစ်ရပ်လုံး အားကောင်းလာခဲ့ခြင်းဖြင့် မြန်မာနိုင်ငံအတွင်းရှိ ထုတ်လုပ်ရေးလုပ်ငန်းများတစ်ဝန်းက လုပ်ကိုင်မှုအခြေအနေများမှာ ခြုံကြည့်လျှင် ၁ဝလအတွင်း ပထမအကြိမ်တိုးတက်လာခဲ့သည်။
သို့သော်လည်း ကုန်ကြမ်းရှားပါးမှုများနှင့် ပစ္စ့ည်းပေးသွင်းမှုဆိုင်ရာ စိန်ခေါ်မှုများကြောင့် ကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုးများမှာ ဖေဖော်ဝါရီလတွင် တဟုန်ထိုးအရှိန်ရ မြင့်တက်လာခဲ့သည်။ သို့ဖြစ်၍ ကုမ္ပဏီများသည် အမြတ်အစွန်းကို ထိန်းသိမ်းထားရန် မိမိတို့၏ရောင်းစျေးများကို တိုးမြှင့်ခဲ့ကြရသည်။
အဓိကအကျဆုံး S&P Global မြန်မာ ထုတ်လုပ်မှုအညွှန်းကိန်း PMI ထုတ်လုပ်ရေးစွမ်းဆောင်မှုကို ဖော်ပြပေးသော ပေါင်းစပ်ထားသည့်တစ်ခုတည်းသော အညွှန်းကိန်းမှာ ဖေဖော်ဝါရီလတွင် ၅၁.၁ တွင် မှတ်တမ်းတင်လိုက်ရာ ဇန်နဝါရီလ၏ ၄၉.၆ထက် မြင့်တက်လာခဲ့သည်။ ရာသီအလိုက် ချိန်ညှိပေးထားသည့် အညွှန်းကိန်းသည် နှစ်လဆက် တိုက်မြင့်တက်လာခဲ့လျက် နောက်ဆုံးကိန်းဂဏာန်းမှာ လွန်ခဲ့သည့်ဧပြီလမှစပြီး အပြောင်းအလဲမရှိ အမှတ ်၅၀.၀ အထက်သို့ တက်လှမ်းလိုက်ပြီး မြန်မာနိုင်ငံအတွင်း ထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေအဖက်ဖက်မှအသင့်အတင့် တိုးတက်လာမှုကို အချက်ပြလိုက်ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
ထုတ်လုပ်ရေးကဏ္ဍတစ်ဝန်း ထုတ်လုပ်မှုတိုးလာခဲ့သည့်တိုင်အောင် မျှော်မှန်းချက်များမှာ ကြားနေသဘောဆောင်နေပြီး ကုမ္ပဏီများက လာမည့် ၁၂လအတွင်း ထုတ်လုပ်မှုပြောင်းလဲမည်မဟုတ်ဟု ခန့်မှန်းကြရာအ ကောင်းမြင့်မှုမှာ ခုနစ်လအတွင်း အနိမ့်ဆုံး သို့ နိမ့်ကျသွားကြောင်း ဖော်ပြထားသည်။
PMI အညွှန်းကိန်းကို မြှင့်တင်ပေးခဲ့သည်မှာ ထုတ်လုပ်မှုသာမက အော်ဒါအသစ်များပါ နှစ်လဆက်တိုက် တိုးလာခဲ့မှုများ ဖြစ်သည်။ထို့ပြင် နောက်ဆုံးဦးမော့မှုများမှာ ဇန်နဝါရီလတွင် မှတ်တမ်းတင်ဖြစ်ခဲ့သည်ထက် ပိုမြန်လာခဲ့သည်။
“ဘယ်လိုပဲဖြစ်ဖြစ် ပစ္စည်းပေးသွင်းမှုဆိုင်ရာ စိန်ခေါ်မှုများရှိနေသေးရာ ကုမ္ပဏီများရဲ့ကုန်ထုတ်စွမ်းအားက ဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာပါ။ ဝယ်ယူမှုများ တိုးလာခဲ့ပေမဲ့ လက်ကျန်အလုပ်များကတော့ ဖေဖော်ဝါလထဲတွင် အလျင်အမြန်တိုးလာခဲ့ပါတယ်”ဟု S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောကြားသည်။









