မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် ဧရာဝတီဘဏ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် AYA Pay တို့ စပွန်ဆာစာချုပ် ချုပ်ဆိုပွဲကို ဖေဖော်ဝါရီ ၂၁ ရက်က နိုဗိုတယ်ဟိုတယ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဧရာဝတီဘဏ်အနေဖြင့် မြန်မာ့ဘောလုံးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စပွန်ဆာအဖြစ် ပံ့ပိုးကူညီခြင်းဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို ကျပ်သိန်း ၁၀၅၀၀၊ AYA Pay က မြန်မာနေရှင်နယ်လိဂ်ကို ကျပ်သိန်းတစ်သောင်း ပံ့ပိုးကူညီခြင်းဖြစ်သည်။
မြန်မာဘောလုံးအသင်းများအနေဖြင့် ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲများစွာ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဘောလုံးနှင့် ဖူဆယ်အသင်းများ နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရန်၊ ပြိုင်ပွဲအကြို နိုင်ငံတကာ ခြေစမ်းပွဲများ၊ ပြည်ပလေ့ကျင့်ရေးခရီးစဉ်များ၊ မြန်မာဘောလုံးအကယ်ဒမီများနှင့် လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပံ့ပိုးကူညီခြင်း ဖြစ်သည်။
ထို့ပြင် AYA Pay အနေဖြင့် MNL အမှတ်ပေးပြိုင်ပွဲကို Supporting Partner အဖြစ် ပံ့ပိုးကူညီခြင်းဖြစ်သည်။ MNL အမှတ်ပေးပြိုင်ပွဲကို ပြီးခဲ့သည့်ရာသီက Title Sponsor မရှိဘဲ ကျင်းပခဲ့ရပြီး ယခုရာသီတွင်မူ ပြိုင်ပွဲစတင်ခါနီးမှ Supporting Partner ရရှိခဲ့ခြင်းဖြစ်သည်။ AYA Pay အနေဖြင့် ၂၀၂၃ ရာသီအတွက်သာ ကူညီခြင်းဖြစ်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဧရာဝတီဘဏ် စာချုပ်ချုပ်ဆိုပွဲတွင် MFF ဒုဥက္ကဌ ဒေါက်တာစိုင်းဆမ်ထွန်းနှင့် ဧရာဝတီဘဏ် အမှုဆောင်အရာရှိချုပ် ဦးမြင့်ဇော်၊ မြန်မာနေရှင်နယ်လိဂ်နှင့် AYA Pay စာချုပ် ချုပ်ဆိုပွဲ တွင် MNL အမှုဆောင်အရာရှိချုပ် ဦးဇော်မင်းသိန်းနှင့် AYA Pay Deputy CEO ဦး မြတ်မင်းထင်ကျော်တို့ စာချုပ်ဆိုခဲ့ပြီး အမှတ်တရလက်ဆောင်ပေးအပ်ကာ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။