ဖေဖော်ဝါရီ ၁၉ ရက်က လန်ဒန်တွင် ကျင်းပခဲ့သည့် BAFTA Film Awards (ဗြိတိန်ရုပ်ရှင်ထူးချွန်ဆုပေးပွဲ) တွင် ပထမကမ္ဘာစစ်အကြောင်း ရိုက်ကူးထားသည့် ဂျာမန်စစ်ကား All Quiet On The Western Front က အကောင်းဆုံးဇာတ်ကားဆုအပါအဝင် ဆုခုနစ်ဆု ဆွတ်ခူးသွားခဲ့သည်။
ယင်းဇာတ်ကားဖြင့်ပင် ဒါရိုက်တာအက်ဝါ့ဒ်ဘာဂါက အကောင်းဆုံးဒါရိုက်တာဆု ရရှိခဲ့ပြီး တေးသွားဆု၊ အသံဆု၊ နိုင်ငံခြားဘာသာ စကားပြောအကောင်းဆုံးဇာတ်ကားဆုတို့ကိုလည်း ယင်းဇာတ်ကားကပင် သိမ်းကျုံးယူသွားသည်။
ရွှေကမ္ဘာလုံးဆုပေးပွဲတွင် ဆုအများစုသိမ်းပိုက်ထားသည့် The Banshees of Inisherin နှင့် Elvis ဇာတ်ကားတို့က ဆုလေးဆုစီ ဆွတ်ခူးခဲ့ပြီး Banshees က အကောင်းဆုံးဗြိတိန်ဇာတ်ကားဆု၊ မူရင်းဇာတ်ညွှန်းဆု၊ အကောင်းဆုံးဇာတ်ပို့မင်းသမီးဆု (ကယ်ရီကွန်ဒန်ကရ) နှင့် ဇာတ်ပို့မင်းသားဆု (ဘယ်ရီခိုဂန်ကရ)တို့ ချီးမြှင့်ခံရကာ Elvis က အော်စတင်ဘတ်တလာကို အကောင်းဆုံးဇာတ်ဆောင်မင်းသားဆုနှင့် သရုပ်ဆောင်ရွေးချယ်မှုဆု၊ အဝတ်အစားဒီဇိုင်းဆုနှင့် မိတ်ကပ်ဆံပင်ဆုတို့ ရယူပေးခဲ့သည်။
အကောင်းဆုံးဇာတ်ဆောင်မင်းသမီးဆုကိုမူ ကိတ်ဘလန်းချတ်က Tar ဇာတ်ကားဖြင့် ရသွားသည်။
အော်စကာဆုဆန်ခါတင်စာရင်းတွင် အကောင်းဆုံးဇာတ်ကားဆုအပါအဝင် ဆုအများစုဖြင့် ဦးဆောင်နေသည့် ၀ါရင့်မင်းသမီး မစ်ရှဲယို၏ စိတ်ကူးယဉ်သိပ္ပံဒရာမာဇာတ်ကား Everywhere All At Once က BAFTA ဆုပေးပွဲတွင် မျက်နှာမလှဖြစ်ခဲ့ရပြီး ဆန်ခါတင်စာရင်းတွင် ၁၀ ဆုလျာထားခံရသော်လည်း အကောင်းဆုံးတည်းဖြတ်ဆု တစ်ဆုတည်းနှင့်သာ ကျေနပ်ခဲ့ရသည်။
Special Visual Effects ဆုကိုမူ Avatar:The Way of Water က ရခဲ့သည်။ ယင်းဆုပေးပွဲကို ဗြိတိန်ရုပ်ရှင်အကယ်ဒမီ၏ ဥက္ကဌဖြစ်သည့် တော်ဝင်မင်းသားဝီလျံနှင့် ဇနီးကိတ်တို့လည်း တက်ရောက်ခဲ့သည်။
BAFTA ဆုပေးပွဲကို ဗြိတိန်အော်စကာဆုပေးပွဲဟုသတ်မှတ်ပြီး မတ် ၁၂ ရက်တွင် LA ၌ ကျင်းပမည့် ၉၅ ကြိမ်မြောက် အော်စကာဆုပေးပွဲအတွက် ခန့်မှန်းပေးသည့်ပွဲဟုလည်း ယူဆကြသည်။