ပညာတတ်ဟူသည် ...

ပညာတတ်ဟူသည် ...
Published 17 February 2023

“ပညာရေးက အကောင်းဆုံးမိတ်ဆွေပဲ။ ပညာတတ်ကို နေရာတကာမှာ လေးစားရတယ်။ ပညာရေးက အလှနဲ့ ပျိုမြစ်မှုကို အနိုင်ယူနိုင်တယ်”

ချာနာကျာ (ဘီစီ ၃၇၅ - ၂၈၃)

ရှေးခေတ် အိန္ဒိယ စွယ်စုံပညာရှင်

ပညာတတ်သော လူတစ်ဦး ဟူသည် အဘယ်နည်း။ ယင်းသည် အထူးသဖြင့် တက္ကသိုလ် ကောလိပ် ပရိဝုဏ်အတွင်း အရေးအကြီးဆုံး မေးခွန်းတစ်ခုလည်း ဖြစ်သည်။ တက္ကသိုလ် ကောလိပ်များက လူများကို ပညာတတ်များအဖြစ် ပြောင်းလဲပေးကြသည်။ ဆေးပညာ၊ အင်ဂျင်နီယာပညာနှင့် ဥပဒေပညာအစရှိသဖြင့် ပညာရပ်အမျိုးမျိုးကို တက္ကသိုလ် ကောလိပ် ပရိဝုဏ်အတွင်း သင်ယူရသူတို့သည် ယင်းကဲ့သို့ သင်ယူခွင့် မရသည့် သာမန်လူများထက် ပညာတတ်ရန် အခွင့်အလမ်း သာလွန်ပေသည်။ ယင်းအတွေ့အကြုံတို့သည် လူတစ်ဦးအား စိတ်ကူးများ၊ အတွေးအမြင်များ၊ စေ့ဆော်မှုများ ပြည့်နေသည့် နတ်ရေကန် တစ်ခုအတွင်းသို့ စိမ်ပေးလိုက်ခြင်းမည်ပေသည်။ သမုဒ္ဒရာအတွင်းသို့ ခုန်ချလိုက်ပြီး ကမ်းခြေ အသီးသီးသို့ မျှော်မှန်းကာ လားရာအမျိုးမျိုးသို့ ကူးခတ်သွားခြင်း မည်ပေသည်။ လေ့ကျင့်ခန်းများသည် ဖြစ်တည်မှုနှင့် ပတ်သက်သော ရည်မှန်းချက်ထက် မလျော့သော အရာများနှင့် ပတ်သက်၍ တစ်သက်တာလုံး ရောင်ပြန်ဟပ်နေမည့် အရာများကို လှုံ့ဆော်ရန် ဒီဇိုင်းရေးဆွဲထားခြင်း ဖြစ်သည်။ “ကျွန်တော်က ဘယ်သူလဲ”၊ “ကျွန်တော် ဖြစ်လာချင်တာက ဘာလဲ”၊ “အဲဒီလိုဖြစ်အောင် ဘယ်လိုလုပ်ရမလဲ” ဟူသော မေးခွန်းများကို ကျောင်းသားများက မေးကြမည်ဖြစ်သည်။

တက္ကသိုလ်ကောလိပ်တို့ဟူသည် ယင်းမေးခွန်းများကို အထပ်ထပ် မေးနေခြင်းသာဖြစ်သည်။ ပညာတတ်သော ဘဝတစ်ခုသည်လည်း ယင်းမေးခွန်းများကို လုပ်ငန်းခွင်အတွင်း၊ မိသားစု အတွင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကဏ္ဍအတွင်း ဆက်လက်မေးနေစေရန်သာဖြစ်သည်။ ပညာတတ် တစ်ဦးဟူသည် မိမိနှင့်ပတ်သက်၍ အလေးအနက် တွေးတတ်သော၊ မိမိကိုယ်မိမိ ကောင်းစွာ သတိပြုတတ်သော လူတစ်ဦးဖြစ်သည်။ ပညာတတ်သော လူတစ်ဦးသည် အရာများစွာတို့ကို သိသကဲ့သို့ မိမိ မသိသေးသော အရာများစွာ ရှိကြောင်းကိုလည်း သဘောပေါက်သူဖြစ်သည်။ ပညာတတ်အောင် ပြုလုပ်ခြင်းသည် ကမ္ဘာလောက၏ များစွာသော အစိတ်အပိုင်းနှင့် ပတ်သက်၍ နှိမ့်ချမှု ပြုစေရန်ဖြစ်ပြီး ပါရမီ အမြင့်မားဆုံးသူ၌ ပင်လျှင် အကန့်အသတ်များ ရှိကြောင်း သိရှိစေသည်။ တက္ကသိုလ်ကောလိပ် ပညာရေး၏ အခြေခံသည် ကမ္ဘာကြီး မည်မျှ ကျယ်ပြောကြောင်းနှင့် ယင်း၌ ပါဝင်သည့်အရာများအကြောင်း သိမြင်စေရန်ဖြစ်သည်။ ပညာတတ်သောသူသည် အရာရာ၌ ကျွမ်းကျင်သူ ဖြစ်ကြောင်း မိမိကိုယ်မိမိ မတွေးရုံမက ယင်းတို့အနက် တစ်စိတ်တစ်ပိုင်းကိုပင် မိမိကျွမ်းကျင်သည်ဟု ထင်မထားပေ။ သူသည် ကျယ်ပြောလှသော အရာ၏ အချို့သော အရာများကို သိမြင်နိုင်ရန် ကြိုးပမ်းပြီး လုပ်သင့်လုပ်ထိုက်သော လမ်းကြောင်းများကို ရေးဆွဲကာ ခရီးစဉ်က ပေးသည့် ရေရှည်တည်တံ့သော တန်ဖိုးများ၏ အဓိပ္ပာယ်ကို ရှာဖွေသည်။

ဦးတည်ရာမဲ့ ပြန့်ကျဲနေသော၊ ပြိုင်ဆိုင်မှု ပြင်းထန်သော ကမ္ဘာကြီး၌ လူတစ်ဦးအနေဖြင့် လိုက်လံရှာဖွေရန်အတွက် အဓိပ္ပာယ်များနှင့် တန်ဖိုးများနှင့်ပတ်သက်၍ ရင်းမြစ်များကို ပေးခြင်းသည် တက္ကသိုလ် ကောလိပ်ပညာရေးဖြစ်သည်။ သမုဒ္ဒရာ ဥပမာအရ ပြောရလျှင် မြင့်မားသည့် ပညာရေး မရှိသော ဘဝသည် ကောင်းစွာမမြင်ရဘဲ ရေထဲ၌ ကူးခတ်နေခြင်းနှင့် တူ၏။ ပို၍ ပို၍ မြင်လာရစေရန်အတွက် ပညာရေးက အကူအညီ ပေးနိုင်သည်။ ပျမ်းမျှသဘောအရ ပညာတတ်လျှင် ဝင်ငွေမြင့်မားနိုင်သော်လည်း တက္ကသိုလ် ကောလိပ်ပညာရေးဟူသည် ဝင်ငွေရှာရန် ပါ၀ါမြင့်မားရေး မဟုတ်ပါ။ တက္ကသိုလ် ကောလိပ်ဟူသည် စူးစမ်း ရှာဖွေရေးနှင့် ကြီးပြင်း ရင့်ကျက်ရေးဖြစ်သည်။ ဉာဏ်ပညာတို့နှင့် အသိဉာဏ်တို့အတွက် ပြင်းထန်သော လေ့ကျင့်ခန်းသာဖြစ်သည်။ ပညာတတ်သူတစ်ဦးသည် နေရာတကာ၌ စမတ်ကျနေမည် မဟုတ်သော်လည်း ပိုမိုချမ်းသာ ကြွယ်ဝသူနှင့် မိမိဝန်းကျင်ရှိ အရာများနှင့် ပတ်သက်၍ ပို၍ရှုပ်ထွေးသော အရာများကို နားလည် သဘောပေါက်သူ ဖြစ်နိုင်သည်။

လူသားတို့၏ အတွေ့အကြုံနှင့် ပတ်သက်သော အရောင်အမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုးနှင့် အရွယ်အစား အမျိုးမျိုးတို့ကို ကောင်းမွန်စွာ သိမြင်လျက် ယင်းမှနေ၍ အကျိုးကျေးဇူး ရရှိအောင် ပြုလုပ်ရန်အတွက် ပညာတတ်သော လူတစ်ယောက် ဖြစ်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဖေဖော်ဝါရီ ၁၈ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent