PGA Tour ပွဲစဉ်ဖြစ်သည့် AT& T Pebble Beach Pro-Am ဂေါ့ဖ်ပြိုင်ပွဲ၏ အပျော်တမ်းပွဲစဉ်တွင် ဝေးလ်စ်ဘောလုံးသမားဟောင်း ဂါရတ်ဘေးလ်က အဆင့် ၁၆ နေရာတွင် ရပ်တည်ခဲ့ကြောင်း သိရသည်။
ယင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် ပရော်ဖက်ရှင်နယ်ဂေါ့ဖ်သမား ၁၅၆ ဦးနှင့် အပျော်တမ်းဂေါ့ဖ်သမား ၁၅၆ ဦးကို ပေါင်း ပြီး နှစ်ယောက်တစ်တွဲစီဖြင့် အပျော်တမ်းပြိုင်ပွဲ ကျင်းပပေးခဲ့ခြင်းဖြစ်သည်။
ဘေးလ်သည် ယင်းအပျော်တမ်းပြိုင်ပွဲတွင် ပရိုဂေါ့ဖ်သမားဖြစ်သည့် အမေရိကန်နိုင်ငံသား ဂျိုးဆက်ဘရမ်လတ်နှင့်အတူ ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတတိယနေ့တွင် လေပြင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ၇၂ ကျင်း ယှဉ်ပြိုင်ရမည့်အစား ၅၄ ကျင်းဖြင့်သာ ပြိုင်ပွဲကို အဆုံးသတ်ခဲ့ရသည်။
ဘေးလ်နှင့် ဘရမ်လတ်သည် လျှော့ရိုက်ချက် ၁၅ ချက်ဖြင့် ပူးတွဲအဆင့် ၁၆ နေရာတွင် ရပ်တည်ခဲ့ပြီး NFL ကစားသမား အာရွန်ရော်ဂျာစ်နှင့် ကနေဒါဂေါ့ဖ်သမား ဘင်ဆေးလ်ဗားမန်းတို့က လျှော့ရိုက်ချက် ၂၆ ချက်ဖြင့် ထိပ်ဆုံး၌ရပ်တည်ခဲ့သည်။