အင်တာဗျူးတွင် မိခင်ကလပ် ဘိုင်ယန်မြူးနစ်အသင်းကို ဝေဖန်ခဲ့သည့် ၀ါရင့်ဂိုးသမား နူအာအား မန်ယူအသင်း ပေါ်တူဂီနာမည်ကြီးတိုက်စစ်မှူး စီရော်နယ်လ်ဒိုကို စာချုပ်ဖျက်သိမ်းခဲ့သည့် လမ်းစဉ်အတိုင်း ပြုလုပ်သွားမည်မဟုတ်ဟု အသင်းဥက္ကဋ္ဌဖြစ်သူ ဟားဘတ်ဟိုင်နာက အတည်ပြုခဲ့သည်။
အသက် ၃၆ နှစ်အရွယ်ရှိ နူအာသည် ဗြိတိန်မီဒီယာ The Athletic ၊ ဂျာမန်မီဒီယာ Suddeutsche Zeitung တို့နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ဂိုးနည်းပြဖြစ်သူ တိုနီတာပယ်လိုဗစ်နှင့် လမ်းခွဲခဲ့သည့် အသင်း၏ဆုံး ဖြတ်ချက်အတွက် စိတ်ပျက်ရကြောင်း ဖွင့်ဟခဲ့သည်။ တာပယ်လိုဗစ်သည် ကစားသမားများနှင့် ဆွေးနွေးမှုများ ပေါက်ကြားသည့်စွပ်စွဲချက်ဖြင့် ရာထူးမှ ထုတ်ပယ်ခံရခြင်းလည်း ဖြစ်သည်။
နူအာ၏မှတ်ချက်စကားသည် ဘိုင်ယန်ဂန္ထဝင်များအတွက် ဝေဖန်စရာဖြစ်ခဲ့ပြီး လိုသာမားသီးယပ်စ်က ကလပ်အသင်း ခေါင်းဆောင်၏အနာဂတ်ကို မေးခွန်းထုတ်ခဲ့ကာ လက်ရှိတွင် အသင်းအမှုဆောင်အရာရှိချုပ်အဖြစ် ဆောင်ရွက်နေသည့် အိုလီဗာခန်း ကလည်း နူအာနှင့် စကားပြောသွားမည်ဟု ပြောကြားခဲ့သည်။
စီရော်နယ်လ်ဒိုကို မန်ယူအသင်း လုပ်ဆောင်သကဲ့သို့ နူအာအား စာချုပ်ဖျက်သိမ်းမည်လားဟု BR24 Sport ၏မေးမြန်းမှုကို ဟားဘတ်ဟိုင်နာက "မဟုတ်ပါဘူး။ အားလုံး ဘာမှမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က ဘိုင်ယန်မြူးနစ်အသင်းပါ။ ဘိုင်ယန်မြူးနစ်မှာတော့ ဒီလိုပြဿနာတွေကို ကလပ်အသင်းအတွင်းမှာပဲ အမြဲဖြေရှင်းခဲ့ပါတယ်။ ဒီလိုဖြေရှင်းမှုတွေက ဘိုင်ယန်မြူးနစ်ကို ပိုတောင့်တင်းပြီး ကောင်းမွန်တဲ့အသင်းဖြစ်အောင် လုပ်ဆောင်ပေးပါတယ်"ဟု တုံ့ပြန်ခဲ့သည်။
နူအာသည် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဂျာမနီအသင်း အုပ်စုအဆင့်မှ နှစ်ကြိမ်ဆက် ထွက်ခဲ့ရပြီးနောက် အနားယူကာလအတွင်း နှင်းလျှောစီးစဉ် မတော်တဆမှုကြောင့် ခြေထောက်ကျိုးသွားသဖြင့် ရာသီကုန်အထိ အနားယူရမည်ဖြစ်ကာ ဘိုင်ယန်အသင်းအနေဖြင့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် မိုချန်ဂလာဘတ်ဂိုးသမား ဆွန်မားအား အစားထိုး ခေါ်ယူခဲ့ရသည်။
ဘိုင်ယန်အသင်းနည်းပြဖြစ်သူ နာဂယ်စ်မန်းက အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မီဒီယာများကို သီးသန့်အင်တာဗျူးပေးသွားမည်မဟုတ်ဟု တုံ့ပြန်ခဲ့သည်။