ကာဂျစ္စတန်ဘောလုံးအဖွဲ့ချုပ်(KFU) သည် မြန်မာ့လက်ရွေးစင်အသင်းနှင့် ကာဂျစ္စတန်လက်ရွေးစင်အသင်းတို့၏ FIFA အသိအမှတ်ပြုခြေစမ်းပွဲကို မတ် ၂၈ ရက်တွင် ကစားရန် စီစဉ်နေကြောင်း သိရသည်။
ကာဂျစ္စတန်ဘောလုံးအဖွဲ့ချုပ်(KFU) သည် လာမည့် မတ်လအတွင်း FIFA အသိအမှတ်ပြု နိုင်ငံတကာခြေစမ်းပွဲနှစ်ပွဲကစားမည်ဖြစ်ပြီး မတ် ၂၃ ရက်တွင် အိန္ဒိယလက်ရွေးစင်အသင်းနှင့် အိန္ဒိယနိုင်ငံ၌ လည်းကောင်း၊ မတ် ၂၈ ရက်တွင် မြန်မာ့လက်ရွေးစင်အသင်းနှင့်လည်းကောင်း ခြေစမ်းကစားမည်ဖြစ်ကြောင်း တရားဝင်သတင်းထုတ်ပြန်ထားသည်။
သို့သော် မြန်မာ့လက်ရွေးစင်အသင်းနှင့် ကာဂျစ္စတန်လက်ရွေးစင်အသင်းတို့၏ ခြေစမ်းပွဲအတွက် ကစားမည့်နေရာကိုမူ လက်ရှိအချိန်အထိ အတည်မပြုနိုင်သေးကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ကာဂျစ္စတန်လက်ရွေးစင်အသင်းနည်းတူ ယင်းကာလအတွင်း အိန္ဒိယလက်ရွေးစင်အသင်းနှင့် အိန္ဒိယနိုင်ငံ၌ ခြေစမ်းကစားရန် သဘောတူညီမှုရရှိထားကြောင်း သိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် မြန်မာ့လက်ရွေးစင်အသင်းနှင့် ကာဂျစ္စတန်လက်ရွေးစင်အသင်းတို့၏ ခြေစမ်းပွဲကိုလည်း အိန္ဒိယနိုင်ငံ၌ပင် ကစားရန် စိတ်အားထက်သန်နေကြောင်း သိရသည်။
သို့သော် ကာဂျစ္စတန်ဘောလုံးအဖွဲ့ချုပ်(KFU) ဘက်ကမူ ယင်းခြေစမ်းပွဲကို ၎င်းတို့၏ အိမ်ကွင်းအဖြစ် ကာဂျစ္စတန်နိုင်ငံ၊ ဘစ်ရှ်ကတ်မြို့၌ ကစားရန် ဆန္ဒရှိနေကြောင်း သိရသည်။
လက်ရှိအချိန်တွင်မူ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)နှင့် အိန္ဒိယဘောလုံးအဖွဲ့ချုပ်(AIFF) သည် မြန်မာ့လက်ရွေးစင်အသင်းနှင့် အိန္ဒိယလက်ရွေးစင်အသင်းတို့၏ ခြေစမ်းပွဲ ကစားမည့်ရက်အတွက် တရားဝင်သတင်းထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) သည် မတ်လအတွင်း နိုင်ငံတကာခြေစမ်းပွဲကာလကို မတ် ၂၀ ရက်မှ ၂၈ ရက်အထိ သတ်မှတ်ပေးထားကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းနှင့် ကာဂျစ္စတန်လက်ရွေးစင်အသင်းတို့သည် ယခု နောက်ပိုင်းတွင် မကြာခဏတွေ့ဆုံလေ့ရှိပြီး နောက်ဆုံးတွေ့ဆုံထားသည့် သုံးကြိမ်တွင် ကာဂျစ္စတန်လက်ရွေးစင်အသင်းကသာ သုံးကြိမ်စလုံးအနိုင်ရရှိထားသည်။
မြန်မာ့လက်ရွေးစင်အသင်းနှင့် ကာဂျစ္စတန်လက်ရွေးစင်အသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် နှစ်ကြိမ်တွေ့ဆုံခဲ့ရာတွင် ကာဂျစ္စတန်အသင်းက ပထမအကျော့အိမ်ကွင်း၌ (၇-၀) ဂိုး၊ ဒုတိယအကျော့အဝေးကွင်း၌(၈-၁) ဂိုးတို့ဖြင့် အနိုင်ရရှိခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းက ၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲအဖြစ် ကာဂျစ္စတန်နိုင်ငံ၊ ဘစ်ရှ်ကတ်မြို့၌ ယင်းအသင်းနှစ်သင်းတွေ့ဆုံခဲ့ရာတွင် ကာဂျစ္စတန်အသင်းက(၂-၀) ဂိုးဖြင့် အနိုင်ရရှိထားသည်။
မြန်မာအသင်းနှင့် ကာဂျစ္စတန်အသင်းတို့၏ FIFA အသိအမှတ်ပြုခြေစမ်းပွဲကို မတ် ၂၈ ရက်တွင် ကစားရန် KFU စီစဉ်နေ
Photo: KFU