Miss Universe 2023 ပြိုင်ပွဲသည် ပြိုင်ပွဲဝင်အလှမယ်များ၏ အလှတရားနှင့်စိတ်နေသဘောထားများကို မြင်ရသည့်ပွဲဖြစ် ရုံသာမက ပထဝီဝင်နိုင်ငံရေးပဋိပက္ခများပါ ရောယှက်လာသည့် နေရာတစ်နေရာဖြစ်လာခဲ့သည်။ အထူးသဖြင့် ယူကရိန်း-ရုရှားစစ်ပွဲ လောင်းရိပ်ကြောင့် ယူကရိန်းအလှမယ်နှင့်ရုရှားအလှမယ်တို့အကြား အဆင်မပြေမှုများ ဖြစ်ခဲ့ရသည်။
ဇန်နဝါရီ ၁၄ ရက်က ကျင်းပပြီးစီးခဲ့သည့် Miss Universe ပြိုင်ပွဲ အဆုံးအဖြတ်များနှင့် ပတ်သက်ပြီး ရုရှားအလှမယ်အန်နာလင်နီ ကိုဗာက ပြိုင်ပွဲ၏နောက်ဆုံးအဆင့်သို့ ၎င်းမတက်လှမ်းနိုင်ခဲ့ခြင်းမှာ ၎င်း၏အရည်အချင်းနှင့်မဆိုင်ဟု Evening Moscow သတင်း တိုက်နှင့်အင်တာဗျူးတွင် ဖြေထားသည်။
ပြိုင်ပွဲကာလသည် အလွန်ခက်ခဲခဲ့ပြီး ယူကရိန်းနိုင်ငံသားများက ဆိုရှယ်မီဒီယာပေါ်တွင် ၎င်းကိုစော်ကားပြောမှုများ၊ ခြိမ်း ခြောက်မှုများပြုလုပ်ခဲ့ကာ ယူကရိန်းရှိအသိအကျွမ်းများထံမှလည်း မကောင်းသည့်စကားများ ကြုံရကြားရသည်ဟု ရုရှားအလှမယ်က ဖွင့်ဟပြောခဲ့သည်။
“ပြိုင်ပွဲဝင်အများစုက ကျွန်မရဲ့ဇာတိနိုင်ငံကြောင့် ကျွန်မကိုအဖက်မလုပ်ကြဘူး။ ယူကရိန်းအလှမယ်နဲ့ ဆွစ်ဇာလန်အလှမယ် ဆိုရင် ကျွန်မကိုမီးလိုပဲ ရှောင်သွားတယ်” ဟု လင်နီကိုဗာကဆိုသည်။
အလှမယ်များ(၎င်းအပါအဝင်) တည်းနေသည့်ဟိုတယ်လိပ်စာကို အများကသိသွားသည့်အခါ ၎င်းကိုခြိမ်းခြောက်မှုများရှိလာခဲ့ပြီး ကိုယ်ထိလက်ရောက်တိုက်ခိုက်လာမည့် ခြိမ်းခြောက်မှုများ တစ်ကယ်ဖြစ်လာမည်ကို ကြောက်ခဲ့သည်ဟုလည်း ရုရှားအလှမယ်က အင်တာဗျူးတွင်ဖြေခဲ့သည်။
၎င်းအဆိုအရ ယူကရိန်းအလှမယ်က အုပ်စုလိုက်ဓာတ်ပုံရိုက်သည့်အခါ ၎င်း၏ဘေးတွင်မရပ်ချင်ခဲ့ပေ။
ပြိုင်ပွဲနောက်ဆုံးနေ့ဖြစ်သည့် ဇန်နဝါရီ ၁၄ ရက်မှာပင် ရုရှားဒုံးကျည်တိုက်ခိုက်မှုကြောင့် ယူကရိန်းဘက်တွင် လူနေအဆောက် အအုံတစ်ခုထိမှန်ခဲ့ပြီး လူ ၄၀ ကျော်သေဆုံးခဲ့သည်။
ယူကရိန်းအလှမယ်ကမူ ရုရှားအလှမယ်က ၎င်းနိုင်ငံ၏လုပ်ရပ်အပေါ် ဝမ်းနည်းစိတ်မကောင်းသည့်ပုံပြလာမည့်အစား ဆယ်လ်ဖီပုံရိုက်ရန်သာချဉ်းကပ်ခဲ့သည်ဟု ပြောသည်။









