Vincenzo ဇာတ်လမ်းတွဲတွင် ပါဝင်ထားသည့် အသက် ၃၆ နှစ်အရွယ် သရုပ်ဆောင်နာချို ကွယ်လွန်

Vincenzo ဇာတ်လမ်းတွဲတွင် ပါဝင်ထားသည့် အသက် ၃၆ နှစ်အရွယ် သရုပ်ဆောင်နာချို ကွယ်လွန်
Published 24 January 2023

နာမည်ကျော်ကိုရီးယားဒရာမာဇာတ်လမ်းတွဲများတွင် ဇာတ်ပို့နေရာမှ ပါဝင်ခဲ့သူ တောင်ကိုရီးယားသရုပ်ဆောင်နာချို ဆေးရုံတက်ရောက်နေရင်း ကွယ်လွန်သွားပြီဖြစ်သည်။

ကိုရီးယားမီဒီယာများ ဖော်ပြချက်အရ အသက် ၃၆ နှစ်သာရှိသေးသည့် နာချိုသည် လတ်တလောကျန်းမာရေးညံ့လာပြီး ဆေးရုံတက်ရောက်ကုသနေရင်း ဇန်နဝါရီ ၂၁ ရက်မနက်ပိုင်းက ဆုံးသွားကြောင်း သိရသည်။

မည်သည့်ရောဂါဖြင့်ဆုံးသွားသည်ကိုမူ သတင်းများမတွေ့ရဘဲ ၎င်း၏စျာပနာကို ဇန်နဝါရီ ၂၃ ရက်က ဆိုးလ်တွင် ပြုလုပ်ပြီးစီးခဲ့ပြီးဖြစ်သည်။၂၀၁၀ ခုနှစ်တွင် Anne's Diary ပြဇာတ်ဖြင့် အနုပညာလောကကို စတင်ဝင်ရောက်ခဲ့ပြီး နောက်ပိုင်းတွင် ဒရာမာဇာတ်လမ်းတွဲများ ဇာတ်ကားများတွင် ဇာတ်ပို့အရံနေရာမှ ပါဝင်ခဲ့သည်။

၂၀၂၁ ခုနှစ်က ဆောင်ဂျွန်ကီခေါင်းဆောင်ပါဝင်သည့် မာဖီးယားမှုခင်းဇာတ်လမ်းတွဲ Vincenzo၊ မနှစ်က Weak Hero Class 1 ဇာတ်လမ်းတွဲတို့တွင်လည်း ၎င်းပါဝင်သရုပ်ဆောင်ခဲ့သည်။၂၀၂၂ ဒရာမာဇာတ်လမ်းတွဲ Little Women တွင် နာချိုကို မင်းသမီးကင်ဂိုအွန်း၏ ရှေ့နေနေရာမှ မြင်တွေ့ရသည်။ နာချိုသည် ပြီးခဲ့သည့်ဒီဇင်ဘာ ၂၄ ရက်ကမှ ၃၆ နှစ်ပြည့်မွေးနေ့ကို ဆင်နွှဲထားသည်။

Hospital Playlist 2၊ D.P နှင့် A Superior Day စသည့်ဇာတ်လမ်းတွဲများကလည်း ၎င်းသရုပ်ဆောင်ထားသည့်ကားများ ဖြစ်သည်။ Little Women မှခေါင်းဆောင်မင်းသမီးကင်ဂိုအွန်းက ၎င်းကွယ်လွန်သည့်နေ့မှာပင် ဆိုရှယ်မီဒီယာ၌ ဝမ်းနည်းဂုဏ်ပြုစကားရေးတင်ထားသည်။

နာချိုကို အကောင်းဆုံးသရုပ်ဆောင်၊ အံ့ဖွယ်အကောင်းဆုံးလူသား၊ ဖခင်၊ ခင်ပွန်း၊ မိတ်ဆွေဟု Little Women ဇာတ်လမ်းတွဲတွင် အမအကြီးဆုံးနေရာမှသရုပ်ဆောင်ထားသူ ကင်ဂိုအွန်းက ရေးသားဂုဏ်ပြုခဲ့သည်။

အသက် ၃၁ နှစ်ရှိပြီဖြစ်သည့် ကင်ဂိုအွန်းနှင့် နာချိုသည် ရင်းနှီးသည့်မိတ်ဆွေများဖြစ်ပြီး နာချိုဆုံးသည့်သတင်းကြောင့်  ဂိုအွန်းက ၎င်းတက်မည့်ဖက်ရှင်ရှိုးပွဲတစ်ခုကို သွားမတက်ခဲ့ပေ။ ဆုံးပြီးနောက်တစ်နေ့တွင်လည်း ဂိုအွန်းက  ယခင်ကနာချိုနှင့်အတူတွဲရိုက်ထားသည့် ဓာတ်ပုံဟောင်းတစ်ပုံကို အမှတ်တရတင်ခဲ့သည်။ နာချိုနှင့်လီဗြောင်ဟွန်း တွဲရိုက်ထားသည့် Concrete Utopia ဇာတ်ကားမှာ  ရုံမတင်ရသေးပေ။

Most Read

Most Recent