ပျောက်ဆုံးနေသော ဗြိတိန်သရုပ်ဆောင်မင်းသား ဂျူလီယန်ဆန့်စ်၏ ကားတစ်စီးကို ၎င်းင်းပျောက်ဆုံးသွားသည့် နေရာအနီးတွင် ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။
ဆန့်စ်သည် လော့စ်အိန်ဂျလိ့စ်မြောက်ပိုင်း ဆန်ဂေဘရီယယ်တောင်ရှိ ဘယ်ဒီဘိုးလ်နေရာတွင် တောင်တက်စဉ် ဇန်နဝါရီ ၁၃ ရက်က ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။
ဆိုးရွားသည့် ရာသီဥတုအခြေအနေများသည် ရှာဖွေမှုကို အနှောင့်အယှက်ဖြစ်စေသော်လည်း ရှာဖွေမှုကို အဆုံးသတ်မည့်ရက် အတိအကျ မသတ်မှတ်ရသေးကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဆန့်စ်သည် A Room With A View 24 နှင့် Smallville အပါအဝင် နာမည်ကျော် ရုပ်ရှင်များနှင့်ရုပ်မြင်သံကြားအစီအစဉ်များ ဖြင့် လူသိများထင်ရှားသူဖြစ်သည်။
ဆန်ဘာနန်ဒီနိုကောင်တီရဲဌာနမှ ရဲမှူးက ဆန့်စ်၏ကားကို တောင်မတက်မီ ရပ်နားထားသည်ဟု ယူဆရသည့် ကားပါကင်တစ်ခု တွင် တွေ့ရှိခဲ့သည်ဟု ပြောကြားခဲ့သည်။
နှင်းထူထပ်နေသည့် အခြေအနေသည် ရှာဖွေမှုဆောင်ရွက်နေခြင်းကို ဆက်တိုက်အနှောင့်အယှက်ဖြစ်စေပြီး နောက်ထပ်မြေပြင် ရှာဖွေမှု စတင်နိုင်ရန်စောင့်ဆိုင်းနေသည်ဟု ရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်တွင် ဆက်လက်ပါဝင်ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းစဉ်ရပ်နားမည့်ရက်ကို သတ်မှတ်ထားခြင်းမရှိသေးကြောင်း အတည်ပြုပြောကြားခဲ့သည်။
ဆန့်စ်ပျောက်ဆုံးသွားကြောင်းအတည် ပြုခဲ့ပြီးနောက် ၎င်း၏သူငယ်ချင်း၊ မိတ်ဆွေများက စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြော ကြားခဲ့ကြသည်။
ဗြိတိန်သရုပ်ဆောင်မင်းသား ဆန်မြူရယ်ဝက်စ်က “ဂျူလီယန်ဆန့်စ် အဆင်ပြေပါစေလို့ ဆုတောင်းပါတယ်။ သူဟာ သူငယ်ချင်း တစ်ယောက်ဖြစ်တဲ့အပြင် စေ့ဆော်နိုင်သူ တစ်ဦးပါ။ စိတ်မကောင်းဖွယ်သတင်းဖြစ်ပါတယ်”ဟု Twitter တွင် ရေးသားခဲ့သည်။
ကယ်လီဖိုးနီးယားတွင် သီတင်းပတ်ပေါင်းများစွာကြာ လူသေဆုံးမှုဖြစ်ပွားစေသည့် မုန်တိုင်းများနှင့် သမ္မတဂျိုးဘိုင်ဒင်က ထုတ်ပြန်ကြေညာထားသည့် သဘာဝဘေးအန္တရာယ်တစ်ခု ကြုံတွေ့ဖြစ်ပွားနေသည်။
ဆန့်စ်သည် ဇန်နဝါရီ ၁၃ ရက်၌ ပျောက် ဆုံးခဲ့ပြီးနောက် ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်ခဲ့ကြသော်လည်း ဆိုးရွားသည့်ရာ သီဥတုကြောင့် နှောင့်နှေးကြန့်ကြာနေသည်။









