၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် လေးလအ တွင်း ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ ဒေါ် လာ ၂ ဒသမ ၆ သန်းရရှိခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီနှင့်မေလတွင် ပြည်ပသို့ကျောက်စိမ်းတင်ပို့ရောင်းချနိုင်ခြင်း မရှိခဲ့ပေ။ သို့သော် ဇွန်လတွင် ဒေါ်လာ ၁ ဒသမ ၄ သန်း၊ ဇူလိုင်လတွင် ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် ဒေါ်လာ ၂ ဒသမ ၆ သန်း ရရှိခဲ့သည်။
မြန်မာနိုင်ငံ၏ ပြည်ပသို့ ကျောက်စိမ်းတင်ပို့ရောင်းချမှုအခြေအနေကို လေ့လာကြည့်ပါက ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလအထိ ဒေါ်လာ ၄၀၀ ဒသမ ၃၉ သန်းရရှိခဲ့သည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလအထိ ဝင်ငွေဒေါ်လာ ၃၄၇ ဒသမ ၀၆ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာ နှစ် အောက်တိုဘာမှ စက်တင်ဘာအထိ ပြည်ပသို့ကျောက်စိမ်းတင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၉၇၁ ဒသမ ၇၈ သန်းဖြင့် အများဆုံးတင်ပို့နိုင်ခဲ့သည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလအထိ ပြည်ပသို့ကျောက်စိမ်းတင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၃၅၆ ဒသမ ၈၇ သန်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ ဇွန်လအထိ ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၄၂၀ ဒသမ ၀၄ သန်းရရှိထားကြောင်း အကောက်ခွန်ဦးစီးဌာန၏ထုတ်ပြန်ချက်ကိုကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့ သတင်းအချက်အလက်ယူနစ်မှ ထုတ်ပြန်ထားသည်။
ကျောက်စိမ်းကို ပြပွဲများပြုလုပ်ပြီး ရောင်းချခြင်းဖြစ်သည်။ ထို့ကြောင့် ကျောက်စိမ်းပြပွဲများ ပြုလုပ်မှုများသည့် ကာလများ တွင် ပြည်ပသို့ ကျောက်စိမ်း ပိုမိုတင်ပို့နိုင်ပြီး ကျောက်စိမ်းပြပွဲများပြုလုပ်မှုနည်းသည့် ကာ လများတွင် ကျောက်စိမ်းတင်ပို့မှု လျော့ကျနိုင်ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် ဇူလိုင်လကုန်အထိ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် အကြီးစား၊ အလတ်စား၊ အသေးစား၊ စမ်းသပ်လုပ်ကွက်အပါအဝင် ဓာတ်သတ္တုထုတ်လုပ်ရန် ၁၁၉၆ ကွက်အထိ ခွင့်ပြုမိန့်ထုတ်ပေးထားပြီး အသေးစားလုပ်ကွက် ၇၄၀ ကျော်အထိ ပါဝင်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။
ဇူလိုင်လကုန်အထိ ဓာတ်သတ္တုတူးဖော်ရန် လုပ်ကွက် ၁၁၉၆ ကွက်ခွင့်ပြုမိန့် ထုတ်ပေးထားမှုတွင် အကြီးစားလုပ်ကွက် ၁၄၄ ကွက်၊ အလတ်စားလုပ်ကွက် ၁၂၇ ကွက်၊ အသေးစားလုပ်ကွက် ၇၄၇ ကွက်၊ စမ်းသပ်လုပ်ကွက် ၁၂၅ ကွက်၊ စမ်းသပ်ဖြစ်မြောက် လုပ်ကွက် ၅၃ ကွက်ပါဝင်သည်။
ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် အကြီးစား၊ အလတ်စား၊ အသေးစား၊ စမ်းသပ်နှင့် စမ်းသပ်ဖြစ်မြောက်လုပ်ကွက်များ ထုတ်ပေးထားမှုကို လေ့လာကြည့်ပါက ကချင်ပြည်နယ်တွင် စုစုပေါင်း ၁၁၀ ကွက်၊ ကယားပြည်နယ်တွင် စုစုပေါင်း ၁၈ ကွက်၊ ကရင်ပြည်နယ် တွင် စုစုပေါင်း ၄၆ ကွက်၊ ချင်းပြည်နယ်တွင် စုစုပေါင်းလေးကွက်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် စုစုပေါင်း ၂၁၈ ကွက်၊ တနင်္သာရီတိုင်း ဒေသကြီးတွင် စုစုပေါင်း ၈၆ ကွက်၊ နေပြည်တော်တွင် သုံးကွက်၊ ပဲခူးတိုင်းဒေသကြီးတွင် စုစုပေါင်း ခုနစ်ကွက်၊ မကွေးတိုင်းဒေသကြီးတွင် စုစုပေါင်းလုပ်ကွက် ၅၀ ၊မန္တလေးတိုင်းဒေသကြီးတွင် စုစုပေါင်းလုပ်ကွက် ၃၁၇ ကွက်၊ မွန်ပြည်နယ်တွင် စုစုပေါင်း ၁၉ ကွက်၊ ရခိုင်ပြည်နယ်တွင် စုစုပေါင်းတစ်ကွက်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် လုပ်ကွက် ၁၄၁ ကွက်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် စုစုပေါင်းလုပ်ကွက် ၉၃ ကွက်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် လုပ်ကွက် ၈၀ နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် စုစုပေါင်းလုပ်ကွက်သုံးကွက်ဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးမျာတွင် စုစုပေါင်း ၁၁၉၆ ကွက်ကို ခွင့်ပြုမိန့်ထုတ်ပေးထားခြင်းဖြစ်သည်။









