ငွေကြေးဆိုင်ရာထောက်လှမ်းရေး သတင်းအချက်အလက်များပေးခြင်းကို တိုးမြှင့်ဆောင်ရွက်ရန် ငွေကြေးခဝါချမှုနှင့်အ ကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြော ကြားသည်။
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကို ဇန်နဝါရီ ၁၀ ရက်က နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပရာတွင် ဗဟိုဘဏ်ဥက္ကဋ္ဌက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့သို့ နည်းပညာပိုင်းဆိုင်ရာ လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်မှု အကြံပြုချက်များအပေါ် စံနှုန်းသတ်မှတ်ချက် တိုးမြှင့်တောင်းခံနိုင်ရေးနှင့် ထပ်မံထုတ်ပြန်မည့် အမိန့်ညွှန်ကြားချက်များကို သတ်မှတ်ထားသည့်ကာလအတွင်း အပြီးဆောင်ရွက်ရန်၊ ငွေကြေးခဝါချမှု အန္တရာယ်များကို နားလည်သိရှိမှုတိုးတက်ကြောင်း ပြသရန်၊ အသိပညာဖြန့်ဝေခြင်း၊ မှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းအပါအဝင် ဟွန်ဒီလုပ်ငန်းများနှင့် ဆက်စပ်သည့်စည်းမျဉ်းများကို အကောင်အထည်ဖော်ဆောင်ရန်၊ နိုင်ငံတကာမိတ်ဖက် အဖွဲ့အစည်းများနှင့် သတင်းအချက်အလက်ဖလှယ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းများကို တိုးမြှင့်ဆောင်ရွက်ရန်၊ ငွေကြေးဆိုင်ရာ ထောက်လှမ်းရေး သတင်းအချက်အလက်များပေးခြင်းကို တိုးမြှင့်ဆောင်ရွက်ရန်၊ နိုင်ငံဖြတ်ကျော်ငွေကြေးခဝါချမှုများကို စုံစမ်းစစ်ဆေးရာတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို တရားဝင်လမ်း ကြောင်းနှင့် အလွတ်သဘော (Informal) လမ်းကြောင်းနှစ်ရပ်လုံး ဖြင့်ဆောင်ရွက်ရန်၊ လူအများအပြားသေကျေစေသည့် လက်နက်များ ပြန့်ပွားစေရန် ငွေကြေးထောက်ပံ့မှုအပေါ်ဘဏ္ဍာရေးအရ ပစ်မှတ်ထားအရေးယူမှုဆိုင်ရာ တာဝန်ဝတ္တရားများနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများတိုးမြှင့် ဆောင်ရွက်ရန်နှင့် ရှေ့ဆောင်ရွက်ရမည့် ကိစ္စရပ်များကိုဆွေးနွေးပြီး လာမည့်ဖေဖော်ဝါရီ ၁ ရက်မတိုင်မီ စံနှုန်းသတ်မှတ်ချက် တောင်းခံရာတွင် တိုးမြှင့်ရရှိစေရေးအတွက် ကြိုးပမ်းကြရန် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားခဲ့သည်။
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့အနေဖြင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှစ၍ မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အားနည်းချက်များကြောင့် ထည့်သွင်းခြင်းခံရသည့် ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF) ၏ ဆုံးရှုံးနိုင် ခြေမြင့်မားသောနိုင်ငံနှင့် ဒေသများစာရင်းမှ အမြန်ဆုံးလွတ်မြောက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အပတ်စဉ် ပုံမှန်အစည်းအဝေးများပြုလုပ်၍ သက်ဆိုင်ရာဌာနအလိုက် အကောင်အထည်ဖော်ရမည့်ကိစ္စရပ်များကို အချိန်မီပြီးစီးစေရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။









