ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီ MTSH အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ဝက်တွင် အသားတင်အမြတ် ကျပ် ၂ ဒသမ ၄ ဘီလျံရရှိခဲ့ပြီး အဆိုပါအမြတ်ငွေတွင် နိုင်ငံခြား ငွေလဲလှယ်နှုန်း ပြောင်းလဲမှု အမြတ်ငွေနှင့် တွဲဖက်လုပ်ငန်းမှရသည့်အမြတ်ငွေတို့ပါဝင်ကြောင်း MTSH မှ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုးဒင်း ပတ်ဘလစ်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်သည် ၂၀၁၃ ခုနှစ် မေလ(၃) ရက်တွင် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေအရ ဖွဲ့စည်းတည်ထောင်ထားသော အများပိုင်ကုမ္ပဏီတစ်ခုဖြစ်သည်။ ၂၀၁၆ ခုနှစ် မေ ၂၀ ရက်တွင် ရန်ကုန်စတော့အိတ်ချိန်းတွင် ဒုတိယမြောက်စာရင်းဝင်သည့်ကုမ္ပဏီ တစ်ခုဖြစ်လာခဲ့သည်။
မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုးဒင်းပတ်ဘလစ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်အနေဖြင့် စက်တင်ဘာ ၃၀ ရက်တွင် ကုန်ဆုံးသည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ဝက်အတွက် စီမံအုပ်ချုပ်မှုနှင့်တွဲ ဖက်လုပ်ငန်းမှရရှိသည့် အမြတ်ငွေများအပါအဝင် အသားတင်အမြတ်ငွေမှာ ကျပ် ၂ ဒသမ ၄ ဘီလျံရရှိခဲ့ပြီး ၎င်းအမြတ်တွင် နိုင်ငံခြားငွေလဲလှယ်နှုန်းပြောင်းလဲမှုအမြတ် ငွေကျပ် ၁ ဒသမ ၁ ဘီလျံနှင့် တွဲဖက်လုပ်ငန်းမှရသည့်အမြတ်ငွေကျပ် ၁ ဒသမ ၄ ဘီလျံပါဝင်ကြောင်း ဖော်ပြထားသည်။
မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုးဒင်းပတ်ဘလစ်အများနှင့်သက်ဆိုင်ရာကုမ္ပဏီလီမိတက်နှင့် ၎င်း၏လက်အောက်ခံကုမ္ပဏီ (MTSH အုပ်စု)၏ ဘဏ္ဍာရေးရှင်းတမ်းတွင် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ကုန်ဆုံးသည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ဝက်အတွက် ဝင်ငွေမှာ ကျပ် ၁ ဒသမ ၆ ဘီလျံရရှိခဲ့ပြီး နှိုင်းယှဉ်ကာလနှင့် နှိုင်းယှဉ်ပါက ၈၂ ရာခိုင်နှုန်းတိုုးတက်လာကြောင်း သိရသည်။
အကြမ်းအမြတ်သည် ယခင်ဘဏ္ဍာရေးနှစ်နှင့်နှိုင်းယှဉ်ပါက ၆၆ ရာခိုင်နှုန်းမှ ၄၃ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ပြီး ယင်းသို့ ကျဆင်းခဲ့ရခြင်း၏အဓိကအကြောင်းအရင်းမှာ အဆောက်အအုံရောင်းချရခြင်းမှ မြေနှင့်တည်ဆောက်စရိတ်များ ပါဝင်ခဲ့ခြင်းကြောင့်ဖြစ်သည်။
ယခုဘဏ္ဍာနှစ်ဝက်အတွက် နိုင်ငံခြားငွေလဲလှယ်နှုန်း ပြောင်းလဲမှုအမြတ်ကျပ် ၁ ဒသမ ၇ ဘီလျံပေါ်ပေါက်ခဲ့ရခြင်း၏အကြောင်းရင်းမှာ ကုမ္ပဏီ၏ အမေရိကန်ဒေါ်လာငွေကြေးကို ကာလကုန်တွင် သတ်မှတ်ထားသော ငွေလဲလှယ်နှုန်းနှင့် တန်ဖိုးသင့်ခဲ့ရခြင်းကြောင့်ဖြစ်ပြီး နှိုင်းယှဉ်ကာလထက် ရာခိုင်နှုန်း ၆၀ လျော့နည်းခဲ့သည်။ (နှိုင်းယှဉ်ကာလ၏ နိုင်ငံခြားငွေလဲလှယ်နှုန်းပြောင်းလဲမှုအမြတ်မှာ ကျပ် ၄ ဒသမ ၃ဘီလျံဖြစ်သည်။)
မြန်မာ-ဂျပန်သီလဝါဒီပလော့မင့်လီမိတက်နှင့်ဆက်စပ်၍ရရှိမည့်အမြတ်ဝေစု ပမာဏမှာ ကျပ် ၁ ဒသမ ၄ဘီလျံဖြစ်ပြီး နှိုင်းယှဉ်ကာလထက် ၄၁ ရာခိုင်နှုန်းတိုးတက်လာခဲ့သည် ။လက်ရှိဖြစ်ပေါ်နေသော နိုင်ငံတကာစီးပွားရေးအခြေအနေများနှင့် ကိုဗစ်- ၁၀ ကပ်ရောဂါကာလအတွင်း၌ပင် MJTD ၏ ပုံမှန်လည်ပတ်နေသည့်လုပ်ငန်းများကို တိုးတက်အောင် ဆောင်ရွက်နိုင်မှုများ ကြောင့် မူလရည်ရွယ်ထားသည့် ခန့်မှန်းအမြတ်ငွေထက် သာလွန်ကောင်းမွန်သောရလဒ်ကို ရရှိခဲ့သည်။
ယခုဘဏ္ဍာရေးကာလ၏အသားတင် အမြတ်ငွေပမာဏမှာ ၃ ဒသမ ၁ ဘီလျံရရှိခဲ့ပြီး ကုမ္ပဏီ၏အစုရှင်များသို့ ခွဲဝေနိုင်သော အမြတ်မှာ ကျပ် ၂ ဒသမ ၉ ဘီလျံဖြစ်ပြီး နှိုင်းယှဉ်ကာလထက် ၃၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
ယေဘုယျအားဖြင့် အထက်ပါခက်ခဲသောအခြေအနေများ ကြုံတွေ့ခဲ့ရမှုကြောင့် နှိုင်းယှဉ်ကာလတွင် ရှယ်ယာတစ်စု၏အခြေခံဝင်ငွေသည် ကျပ် ၁၂၀ မှ ယခုဘဏ္ဍာရေးနှစ်ဝက်ဖြစ်သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ရှယ်ယာတစ်စု၏အခြေခံဝင်ငွေသည် ၇၅ ကျပ်သို့ ကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်။









