ဒီဇင်ဘာ ၂၀ ရက် (ယနေ့) နံနက် ၇ နာရီဝန်းကျင်ခန့်က မန္တလေးမြို့ရှိ မောသစ်ရွှေဆိုင် သုံးကြိမ်မြောက် ဓါးပြတိုက်ခံရမှု ဖြစ်ပွားပြီး ရွှေများ ထည့်ထားသည့် ရွှေခြင်းနှစ်ခြင်းအား ယူဆောင်သွားမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ပြည်ကြီးတံခွန်မြို့နယ်ရှိ နေအိမ်မှ ရွှေများထည့်ထားသည့် ခြင်းနှစ်ခြင်းအားယူဆောင်ပြီး ဆိုင်ဖွင့်ရန်သွားစဉ် ဆိုင်ကယ်ဖြင့်လူနှစ်ဦးမှ ဓါးပြတိုက်လုယူသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
" ဆိုင်ဖွင့်ဖို့အသွား လုယူသွားတာ။ ရွှေခြင်းနှစ်ခြင်း ပါသွားတယ်လို့ သိရတယ်။ ဒါနဲ့ဆိုရင် ဒီဆိုင်က ဓါးပြတိုက်ခံရတာ သုံးကြိမ်ရှိပြီ "ဟု ပြည်ကြီးတံခွန်မြို့နယ်တွင်း နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ မောသစ်ရွှေဆိုင်အား ပထမအကြိမ် ဓါးပြတိုက်ခံရမှုမှာဇူလိုင် ၂၄ ရက်နေ့က အမျိုးသား နှစ်ဦးမှ ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး ဆိုင်အတွင်းသို့ ဝင်ရောက်၍ ပစ္စတိုသေနတ်ဖြင့် ၃ ချက်ခန့်ပစ်ခတ်ကာ ရွှေတစ်ပိသာကျော်အား ယူဆောင်သွားခဲ့ခြင်း ဖြစ်ပြီး ဒုတိယအကြိမ်မှာ အောက်တိုဘာ ၁ရရက်က ပိုင်ရှင်အား သေနတ်ဖြင့်ပစ်ခတ်ပြီး ရွှေများယူဆောင်သွားမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။