Photo - CJ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့၊ ဈေးကြီးအနီးရှိ သစ်ဆန်းယာဉ်ရွှေဆိုင် အား နိုဝင်ဘာ ၁၃ ရက် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က အမျိုးသားတစ်ဦးသေနတ်ဖြင့်ပစ်ခတ်ပြီး ရွှေထည်ပစ္စည်းများ၊ လက်ဝတ်ရတနာများနှင့် ငွေစက္ကူများလုယက် ယူဆောင်သွားခဲ့ကြောင်း သိရသည်။ ဆိုင်ရှင်၏ သားဖြစ်သူမှာလည်း သေနတ်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများ၏ပြောကြားချက်များအရ သိရသည်။
“သစ်ဆန်းယာဉ်ရွှေဆိုင်က ဘုရားသုံးဆူမြို့လမ်းမကြီးဘေး၊ ဈေးကြီးအနီးမှာရှိတာပါ။ မနေ့(နိုဝင်ဘာလ (၁၃) ရက် ညနေ (၅) နာရီကျော်ကျော်လောက်မှာ အမျိုးသားတစ်ဦး ဆိုင်ကယ်အနီရောင်နဲ့ ရောက်လာပြီးတော့ ရွှေဝယ်ဟန်ဆောင်တယ်။ ပြီးတော့ သေနတ်ဖေါက်ပြီးတော့ ဆိုင်ရှင်ကို ရွှေထည်ပစ္စည်းတွေ ပေးဖို့ပြောတယ်ပေါ့။ ဆိုင်ရှင်တွေကလည်း ကြောက်ပြီးထွက်ပြေးကြရော၊ လာလုတဲ့သူက ရွှေထည်ပစ္စည်းတွေထည့်ထားတဲ့ မှန်ပုံကို ကျော်နှိုက်ကြည့်တယ်။ မရလို့ မှန်ပုံကို သေနတ်နဲ့ပစ်ခွဲပြီး ရွှေထည်ပစ္စည်းတွေကို ယူသွားတာ” ဟု ဟု အခင်းဖြစ်ပွားရာနေရာအနီးတွင် နေထိုင်သူမြို့ခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ အဲ့ဒီအချိန်မှာ ဆိုင်ရှင်ရဲ့သားဖြစ်သူက အိမ်ထဲက ထွက်လာတာကိုတွေ့တော့ သေနတ်နဲ့ ပစ်လိုက်တဲ့အတွက် ဆိုင်ရှင်ရဲ့သားဖြစ်သူရဲ့ နောက်ကြောဝဲဘက်ခြမ်းမှာ သေနတ်ဒဏ်ရာရသွားတယ်။ ပြီးတော့ လာလုတဲ့သူက ဆိုင်ကယ်စီးပြီး ပြန်ထွက်သွားတယ်” ဟု ပြောကြားသည်။
ရွှေထည်ပစ္စည်းများ၊ လက်ဝတ်ရတနာများနှင့် ငွေသား မည်မျှလုယက်ခံလိုက်ရသည်ကို မသိရသေးကြောင်းနှင့် လုယက်ခဲ့သူကိုလည်း ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း ၎င်းဘုရးသုံးဆူမြို့ခံက ဆက်လက်ပြောကြားသည်။
ထိုင်း - မြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်သည့် ဘုရားသုံးဆူမြို့တွင် လတ်တလေ လုယက်မှုများမကြာခဏ ဖြစ်ပွားနေသည့်အပြင်၊ ပေါက်ကွဲမှုများ၊ ပစ်ခတ်မှုများလည်း မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း မြို့ခံပြည်သူများ၏ ပြောကြားချက်များအရ သိရသည်။