အက်သလက်တီကိုအသင်းတွင် ဆက်ရှိနေရန် အရာအားလုံး လုပ်ဆောင်ခဲ့သည်ဟု ဂရီးဇ်မန်း ဖွင့်ဟ

အက်သလက်တီကိုအသင်းတွင် ဆက်ရှိနေရန် အရာအားလုံး လုပ်ဆောင်ခဲ့သည်ဟု ဂရီးဇ်မန်း ဖွင့်ဟ
Photo: Twitter
Photo: Twitter
Published 12 October 2022

 

အက်သလက်တီကိုမက်ဒရစ်အသင်းသို့ အပြီးသတ်ပြောင်းရွှေ့ခဲ့သည့် ပြင်သစ်တိုက်စစ်ကစားသမား ဂရီးဇ်မန်းက အသင်းတွင်ဆက်ရှိနေရန်အတွက် အရာအားလုံး လုပ်ဆောင်ခဲ့သည်ဟု ဖွင့်ဟခဲ့သည်။

ဂရီးဇ်မန်းသည် ၂၀၂၁ နွေရာသီက နှစ်နှစ်အငှားစာချုပ်ဖြင့် အက်သလက်တီကိုအသင်းထံ ပြန်လည်ရောက်ရှိလာပြီး အောက်တိုဘာ ၁၀ ရက်က ၂၀၂၆ ခုနှစ်အထိ သက်တမ်းရှိမည့် အပြီးသတ်စာချုပ် ချုပ်ဆိုခဲ့သည်။ ဂရီးဇ်မန်း၏ပြောင်းရွှေ့ကြေးမှာ ယူရို သန်း ၂၀ သာရှိပြီး Add-ons ကြေး ယူရို လေးသန်း ဖြစ်ကြောင်း သိရသည်။ 

"ကလပ်အသင်းမှာ နည်းပြ၊ အသင်းဖော်တွေ၊ ပရိသတ်တွေနဲ့ အတူ ပျော်ရွှင်နေပြီး အက်သလက်တီကိုအသင်းမှာ ဆက်ကစားခွင့်ရဖို့ ဖြစ်နိုင်တဲ့ အရာအားလုံးကို လုပ်ဆောင်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ဆက်နေခွင့်ရမယ့်အခွင့်အရေးလို့ ကျွန်တော် မြင်လာချိန်မှာ အသင်းနဲ့ စကားပြောဖြစ်ခဲ့တယ်။ သူတို့ ကျွန်တော့်ဆီက ဘာတွေလိုအပ်သလဲဆိုတာ သိပါတယ်။ သိပ်တော့မတွေးပါဘူး။ ကျွန်တော် လုပ်ခဲ့တာတွေကိုလည်း ဂရုမစိုက်ပါဘူး။ ကျွန်တော် အလိုရှိတဲ့ တစ်ခုတည်းသောအကြောင်းအရာက ဒီမှာ ဆက်ရှိနေဖို့ပါပဲ"ဟု ဂရီးဇ်မန်းက ပြောကြားခဲ့သည်။ 

အသက် ၃၁ နှစ်အရွယ်ရှိ ဂရီးဇ်မန်းသည် ဘာစီလိုနာအသင်းတွင် ရရှိခဲ့သည့် လစာပမာဏထက် လျှော့ယူခဲ့ရပြီး အက်သလက်တီကိုကစားသမားဘဝ နှစ်ကြိမ်တွင် အသင်းအတွက် ပြိုင်ပွဲစုံ ၃၀၃ ပွဲ ကစားပေးကာ ၁၄၄ ဂိုးအထိ သွင်းယူပေးထားကြောင်း သိရသည်။

    

 

Most Read

Most Recent