လူသားနှင့် သဘာဝဘေးအန္တရာယ်

လူသားနှင့် သဘာဝဘေးအန္တရာယ်
ကချင်ပြည်နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြို့တစ်နေရာတွင် ရေကြီးနစ်မြုပ်နေသည်ကို ဇူလိုင် ၇ ရက်က တွေ့ရစဉ်
ကချင်ပြည်နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြို့တစ်နေရာတွင် ရေကြီးနစ်မြုပ်နေသည်ကို ဇူလိုင် ၇ ရက်က တွေ့ရစဉ်
Published 11 July 2022
ဒေါက်တာလွင်သန့်

သဘာဝဘေးအန္တရာယ်ဆိုတာ အချိန်မရွေး၊ နေရာဒေသမရွေး ဖြစ်နိုင်ပါတယ်။ မိုးသည်းထန်စွာရွာခြင်း၊ လေပြင်းတိုက်ခြင်း၊ ရုတ်တရက်ရေကြီးခြင်း၊ မြေပြိုခြင်းစတဲ့သဘာဝ ဘေးအန္တရာယ်အမျိုးမျိုးကို သတိပြုသွားဖို့လိုအပ်ပါတယ်။ သက်ရှိများ မှီတင်းနေထိုင်လျက်ရှိတဲ့ ကမ္ဘာမြေကြီးမှာ သဘာဝအလျောက်ရုတ်တရက်ပြောင်းလဲဖြစ်ပေါ်လာတဲ့ဖြစ်စဉ်တစ်ရပ်ကို သဘာဝဘေးအန္တရာယ်လို့ ခေါ်ပါတယ်။

မြေငလျင်လှုပ်ခြင်း၊ လေမုန် တိုင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရေလျှံခြင်း၊ မြေပြိုခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ဆူနာမီလှိုင်းမြင့်တတ်ခြင်း၊ မိုးခေါင်ရေရှားခြင်း၊ ရောဂါအသစ်အဆန်းများကျရောက်ခြင်း၊ အပူလှိုင်းကျခြင်း၊ အအေးလှိုင်းဖြတ်ခြင်းစတဲ့ အန္တရာယ်များဖြစ်ပါတယ်။ သဘာဝဘေး အန္တရာယ်ကြောင့် သေကျေထိခိုက် ပျက်စီးဆုံးရှုံးမှုဖြစ်ပွားနိုင်ပါတယ်။ သဘာဝဘေးအန္တရာယ်ဟာ ဘယ်လောက်ကြီးမားတာကို သေကျေထိခိုက်မှု၊ ပျက်စီးဆုံးရှုံးမှုနဲ့တိုင်းတာနိုင်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာသဘာဝဘေးအန္တရာယ်ကျရောက်မှုဟာ တစ်နှစ်ထက်တစ်နှစ်ပိုမိုပြင်းထန်လာပါတယ်။ ဆယ်စုနှစ်အတွင်း မြေငလျင်လှုပ်ခတ်မှုများ၊ အင်အားပြင်းထန်တဲ့ လေမုန်တိုင်းကြီးများ တိုက်ခတ်မှုများနဲ့ အပူလှိုင်းဖြတ်မှုများဟာ အကြိမ်ရေပိုများလာပါတယ်။ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်သေကျေပျက်စီးမှု များပြားခဲ့ပါတယ်။ အချို့ဒေသတွေမှာ မုန်တိုင်းဒဏ်ခံတဲ့အဆောက်အအုံများကြိုတင်ဆောက်ထားပေမဲ့ ဆုံးရှုံးမှုများ ရှိနေဆဲပဲဖြစ်ပါတယ်။

သိပ္ပံပညာရှင်များ၊ ဘူမိဗေဒ ပညာရှင်များ၊ မိုးလေဝသပညာရှင်များနဲ့ မုန်တိုင်းစောင့်ကြည့်လေ့လာသူများဟာ ကြီးမားတဲ့သဘာဝဘေးအန္တရာယ်များ ကြိုတင်ခန့်မှန်းဖို့ အခက်တွေ့လျက်ရှိပါတယ်။ ခေတ်မီနည်းပညာများနဲ့ မိုးလေဝသနဲ့ ဆက်စပ်တဲ့ အခြားသဘာဝဘေးများကိုသာ ကြိုတင်ခန့်မှန်း တွက်ချက်နိုင်ကြပါတယ်။ မမျှော်လင့်တဲ့အချိန်မှာဖြစ်ပေါ်လာနိုင်တဲ့ မြေငလျင်လှုပ်ခတ်မှုများ၊ တောမီးလောင်မှုများ၊ မြေပြိုမှုများနဲ့ မီးတောင်ပေါက်ကွဲမှုများဟာ လူသားတို့ ပျက်စီးဆုံးရှုံးမှုကြီးမားစေတဲ့ သဘာဝဘေးအန္တရာယ်များအဖြစ် ဆက်လက်ခြိမ်းခြောက်လျက်ရှိပါတယ်။

ရာသီဥတုဖောက်ပြန်မှုကြောင့် နှစ်စဉ်ကမ္ဘာတစ်ဝန်းမှာ သဘာဝဘေးအန္တရာယ်မျိုးစုံ ကျရောက်လျက်ရှိပါတယ်။ ဘေးအန္တရာယ်များမှာ လူသားတို့အန်တုနိုင်စွမ်း မရှိတဲ့မိုးကြီးခြင်း၊ ရေလျှံခြင်း၊ မုန်တိုင်းကျရောက်ခြင်း၊ ငလျင်လှုပ်ခတ်ခြင်းနဲ့ ဆူနာမီရိုက်ခတ်ခြင်း၊ မိုးခေါင်ရေရှားခြင်းအပါအဝင် ဆေးမတိုးနိုင်တဲ့ရောဂါမျိုးစုံလည်း ထူပြောလာတယ်။ဆိုးကျိုးများဟာ အသိဉာဏ်ရှိတဲ့လူသားများရဲ့ လုပ်ရပ်ကြောင့်ဖြစ်ပါတယ်။

သဘာဝဘေးအန္တရာယ်များအနက် မြေငလျင်ဟာ ကြိုတင်ခန့်မှန်းရခက်ခဲပါတယ်။ မြေငလျင်ဗဟိုချက်ဟာ ကမ္ဘာ့အပေါ်ယံမျက်နှာပြင်မှာ နီးကပ်စွာတည်ရှိနေမယ်ဆိုရင်ထိခိုက်ပျက်စီးဆုံးရှုံးမှုပိုမိုများ ပြားလာနိုင်ပါတယ်။ အချို့ငလျင်များဟာ ပမာဏကြီးပေမဲ့ နက်ရှိုင်းတဲ့ မြေအောက်မှာ ဗဟိုပြုတာကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုကြီး ကြီးမားမား မဖြစ်ပွားနိုင်ချေ။ သဘာဝဘေးအန္တရာယ်များအနက် ငလျင်အန္တရာယ်ဟာ ရှောင်တိမ်းဖို့ အခက်ခဲဆုံးအန္တရာယ်ပဲဖြစ်ပါတယ်။

နှစ်စဉ်ကမ္ဘာတစ်ဝန်းမှာ ကျရောက်တဲ့သဘာဝဘေးအန္တရာယ် တွေဖြစ်ပွားခဲ့တဲ့သေကျေဆုံးရှုံးမှုများနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးတို့ဟာ များပြားလှပါတယ်။ မိဘဆုံးရှုံးမှုများ၊ သားသမီးဆုံးရှုံးမှုများ၊ ဆွေမျိုးသားချင်းဆုံးရှုံးမှုများစိတ်မကောင်း ဖြစ်ကြရပါတယ်။ ၂၀၁၉ နှစ် ဒီဇင်ဘာလလယ်ကတည်းက စတင်ခဲ့တဲ့ ကိုဗစ်ကပ် (Covid-19) ရောဂါကြောင့် ကမ္ဘာတစ်ဝန်း ၂၀၂၂ ခုနှစ် ဇွန် ၂၇ ရက်အထိ လူ ၅၄၉ သန်း ကူးစက်ခံရပြီး လူ ၆ ဒသမ ၃၅ သန်း ရောဂါကြောင့် သေဆုံးခဲ့ပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၆၁၃၄၂၇ ဦး ကိုဗစ်ရောဂါခံစားခဲ့ရပြီး ရောဂါကြောင့်သေဆုံးသူ ၁၉၄၃၄ ဦးရှိခဲ့ပြီ ဖြစ်ပါတယ်။

အချို့ဘေးအန္တရာယ်များဟာ လူတို့ရဲ့ပယောဂမကင်းပါဘူး။ ရေကြီးခြင်း၊ မြစ်ရေလျှံခြင်းတို့မှာ ကနဦး သဘာဝသစ်တောကြီးများ အဆင်အခြင်မဲ့ ခုတ်လှဲခဲ့တာတွေကြောင့် သဘာဝ ရေစုကန်များ ပျက်စီးကာ ရွာချလိုက်တဲ့မိုးရေတို့ အိမ်ခြံမြေထဲဝင်ရောက်လာတာ ဖြစ်ပါတယ်။ ကမ္ဘာ့အဆုတ်ကြီးလို့တင်စားခေါ်ဝေါ်နေတဲ့ ဘရာဇီးအမေ ဇုန်သစ်တော၊ အင်ဒိုနီးရှားမိုးသစ်တောကြီးတွေ တစ်နေ့တခြား ပြုန်းတီးလာပါတယ်။ မြန်မာနိုင်ငံမှာလည်း ၁၉၈၈ ခုနှစ် မတိုင်မီက နိုင်ငံ ရဲ့ ၇၀ ရာခိုင်နှုန်း သစ်တောများဖုံးလွှမ်းခဲ့ပါတယ်။၂၀၀၀ ပြည့်နှစ်မှာ ၅၀ ရာခိုင်နှုန်း၊ ၂၀၂၀ ပြည့်နှစ်မှာ ၄၁ ရာခိုင်နှုန်းသာရှိတော့ရာ မြစ်ချောင်းများရေလျှံခြင်း၊ သီးနှံပျက် စီးခြင်း၊ နွေရာသီရေရှားပါးခြင်း၊ အပူလှိုင်းကျရောက်ခြင်း၊ အယ်လ်နီညို၊ လာနီညာတို့ဝင်ရောက်ခြင်း စတဲ့သဘာဝဘေးအန္တရာယ်များ ပိုမိုခံစားလာခဲ့ကြရပါတယ်။

ကမ္ဘာတစ်ဝန်းမှာ စက်မှုလုပ်ငန်းများ၊ သိပ္ပံနဲ့နည်းပညာများ အရှိန်အဟုန်နဲ့ပြောင်းလဲဖွံ့ဖြိုးတိုးတက်လာတာနဲ့အတူအခြားတစ်ဖက်မှာ ဆုတ်ယုတ်မှုများရှိလာပါတယ်။ သစ်တောသယံဇာတပြုန်းတီးခြင်း၊ စားကျက်မြေများ၊ မြစ်ချောင်းအင်းအိုင်များ တိမ်ကော ပျက်စီးမှုတို့အပါအဝင်သဘာဝ ပတ်ဝန်းကျင် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပွားလာခြင်းနဲ့ ရှားပါးမျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ်လာခြင်း တို့ဖြစ်လာပါတယ်။ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုရဲ့ဆင့်ကဲ အကျိုးဆက်က ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတုဖောက်ပြန်လာမှုနဲ့ သဘာဝဘေးအန္တရာယ်များပိုပြီး ဖြစ်ပေါ်လာစေပါတယ်။

လူသားတို့၏ အတောမသတ်တဲ့လောဘကြောင့် ကမ္ဘာကြီးတဖြည်းြ ဖည်းကျန်းမာရေးချို့ယွင်းလာပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ ဗြိတိန်သိပ္ပံပညာရှင် စတီဖင်ဟော့ကင်း (Stephen Hawking) က ကမ္ဘာကြီးဟာသက်တမ်းကုန်ဆုံးလာလို့အင်္ဂါဂြိုဟ်မှာ နေရာသစ်၊ အိမ်သစ်ရှာဖွေဖို့တိုက်တွန်းထားခဲ့ပါတယ်။ သစ်တော သစ်ပင်များ လွန်ကဲစွာ ခုတ်လှဲရောင်းချလာပါတယ်။ လူသားတို့စက်မှုလုပ်ငန်းနဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့နေရာတွေမှာ ရေသယံဇာတအကန့်အသတ်မဲ့ ထုတ်ယူသုံးစွဲလာပါတယ်။ မြေအောက်နဲ့ ရေအောက် သယံဇာတများကို အပြိုင်အဆိုင် ထုတ်လုပ်ရောင်းချလာခြင်းနဲ့ သိုလှောင်ခြင်း၊ စက်မှုလုပ်ငန်းများမှ စွန့်ပစ်ဓာတုဆေးရည်တို့မြစ်ချောင်း၊ အင်းအိုင်၊ ပင်လယ်သမုဒ္ဒရာအတွင်း တာဝန်မဲ့စွာ စွန့်ပစ်ခြင်း၊ လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့လွန်ကဲစွာထုတ်လုပ်တဲ့ စက်ရုံ၊ အလုပ်ရုံများအပြိုင်အဆိုင် တည်ဆောက်လာခြင်းနဲ့ အဖျက်စွမ်းအားပြင်းလက်နက်များပင်လယ် သမုဒ္ဒရာအပါအဝင် မြေပေါ်မြေအောက်နေရာပေါင်းစုံမှာ စမ်းသပ်ပစ်ခတ်လာခြင်းတို့ကြောင့် ကမ္ဘာကြီးအပေါ် ဆိုးကျိုးများဖြစ်ပေါ် စေခြင်းပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာလည်း ရာသီဥတုဖောက်ပြန်မှုနဲ့ သဘာဝဘေးအန္တရာယ်ကို နှစ်စဉ်ခါးသီးစွာခံစားရလျက်ရှိပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ ရာသီဥတုဖောက်ပြန်မှုကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အမျိုးသားအသွင်နဲ့ပုံဖော်ဆောင် ရွက်လျက်ရှိပါတယ်။ သဘာဝဘေးအန္တရာယ်ကျရောက်ရင် ရှာဖွေရေး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် အရေးပေါ်စီမံချက်များဆွဲထားဖို့ လိုအပ်ပါတယ်။ကြီးမားတဲ့ဘေးအန္တရာယ်နဲ့ နောက်ဆက်တွဲကပ်ရောဂါဆိုးများ ဖြစ်ပေါ်လာရင် ပြည်သူလူထုနဲ့ ဝန်ထမ်းပေါင်းစုံ ပူးပေါင်းကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အရေးပေါ်စီမံချက်များ ပါဝင်တဲ့ပြင်ဆင်ခြင်း၊ တုံ့ပြန်ခြင်း၊ ပြန်လည်ထူထောင်ခြင်း၊ လျော့နည်းသက်သာစေခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ဖို့ပြင်ဆင်ထားသင့်ပါတယ်။

မျက်‌မှောက်ကာလမှာ အစွန်းရောက်ရာသီဥတုကြောင့် ကမ္ဘာ့နိုင်ငံအားလုံးဟာ သဘာဝဘေးအန္တရာယ်ပေါင်းစုံကိုနှစ်စဉ် ကြုံတွေ့နေကြရပါတယ်။ မြေငလျင်လှုပ်ခတ်မှု အပါအဝင် သဘာဝဘေးအန္တရာယ်ပေါင်းစုံကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ မဟာဗျူဟာအသစ်တစ်ရပ် ချမှတ်ထားသင့်ပါတယ်။ (၁)ဘေးအန္တရာယ်မဖြစ်မီ စနစ်တကျနဲ့ ကြိုတင်ပြင်ဆင်မှုပြုလုပ်ပေးခြင်း၊ (၂) သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းထားရှိခြင်း၊ (၃)ဘေးအန္တရာယ်ဖြစ်ပွားလာချိန်မှာ ရှာဖွေကယ်ဆယ်ရေးနဲ့အကူအညီပေးရေးလုပ်ငန်းများ ကယ်ဆယ်ရေးအဖွဲ့များနဲ့ အလျင်မြန်ပြုလုပ်ခြင်း၊ (၄) သဘာဝဘေးအန္တရာယ်ခံစားရသူများအတွက် ဘယ်အရာ၊ ဘယ်အရေအတွက်ဘယ်လောက်လိုအပ်တယ်ဆိုတဲ့ အကဲဖြတ်ခြင်း၊(၅)ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်း၊ (၆) စားနပ်ရိက္ခာအစရှိတဲ့အခြေခံ လိုအပ်ချက်များထောက်ပံ့ဖြန့်ဖြူးပေးခြင်း၊ (၇) ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက်ပိုင်း  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ၀ိုင်းဝန်းပါဝင်ဆောင်ရွက်ခြင်း၊ (၈) ကျား/မအရေအတွက် စာရင်းပြုစုခြင်း၊ (၉) ဘေးဒဏ်ခံ ပြည်သူများ ဝင်ငွေရရှိရေး ပံ့ပိုးကူညီပေးခြင်း၊ (၁၀) စိတ်ဓာတ်မြှင့်တင်ပေးခြင်း၊ (၁၁)ဘဏ္ဍာငွေရရှိမှုနဲ့ ခွဲဝေသုံးစွဲမှု စာရင်းပြုစုခြင်း၊ (၁၂)သတင်းထုတ်ပြန်မှုများ ပြုလုပ်ပေးခြင်း၊ (၁၃) လမ်း၊ တံတားများ၊ လျှပ်စစ်ဓာတ်အားနဲ့တယ်လီဖုန်းကွန်ရက်များ၊ ရေပိုက်လိုင်းနဲ့ အိမ်သာစနစ်များပြန်လည်တည်ဆောက်ပေးခြင်းတို့ လိုအပ်လာပါတယ်။

ကမ္ဘာတစ်ဝန်းမှာ သဘာဝဘေးအန္တရာယ်များနှစ်စဉ် ကြုံတွေ့ခံစားနေကြရပါတယ်။ သဘာဝဘေးအန္တရာယ်ဖြစ်ပွားရတဲ့အဓိကအကြောင်းရင်းဟာ ကာဗွန်ထုတ်လုပ်မှုများပြီး ကမ္ဘာကြီးပူနွေးလာလို့ပဲဖြစ်ပါတယ်။ လူသားတို့လောဘကြောင့် သစ်တောများပြုန်းတီးကာ  ဂေဟစနစ်ပျက်စီးခြင်း၊ မြစ်ရေကြီးခြင်း၊ တောမီးလောင်ခြင်း၊ မုန်တိုင်းတိုက်ခိုက်ခြင်း၊ ငလျင်လှုပ်ခြင်းစတဲ့ သဘာဝဘေးအန္တရာယ်နဲ့ ကိုဗစ် (COVID-19) ကပ်ရောဂါများ ခံစားနေရရင် ပြည်သူအများစု ဝင်ငွေလျော့ပါးစေပါတယ်။ စနစ်တကျ ပြန်လည်ထူထောင်နိုင်ရပါမယ်။      

Most Read

Most Recent