PPST အစည်းအဝေးတွင် လက်ရှိနိုင်ငံရေး၊ စစ်ရေး၊ ငြိမ်းချမ်းရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူပြုရေးကိစ္စများ အဓိကထား ဆွေးနွေးမည်

PPST အစည်းအဝေးတွင် လက်ရှိနိုင်ငံရေး၊ စစ်ရေး၊ ငြိမ်းချမ်းရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူပြုရေးကိစ္စများ အဓိကထား ဆွေးနွေးမည်
Published 5 July 2022

ဇူလိုင် ၅ ရက်မှ ၆ ရက်ကျင်းအထိ ကျင်းပသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး (၀၁/၂၀၂၂) တွင် လက်ရှိနိုင်ငံရေး၊ စစ်ရေး၊ ငြိမ်းချမ်းရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူပြုရေးကိစ္စများ အဓိကထားဆွေးနွေးမည်ဖြစ်ကြောင်း PPST ဦးဆောင်မှုကော်မတီ အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ပြောကြားသည်။

ဇူလိုင် ၅ ရက်တွင် ကျင်းပသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) အစည်းအဝေး (၀၁/၂၀၂၂) တွင် PPST ဦးဆောင်မှုကော်မတီအဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖိတ်ခေါ်သော ငြိမ်းချမ်းရေးစကားဝိုင်းသို့ NCA-SEAO ခုနစ်ဖွဲ့မှ တွေ့ဆုံဆွေးနွေးခဲ့သည့်အပေါ် မိမိတို့အတွင်း စုပေါင်းသုံးသပ်မှုအရ ရရှိခဲ့သော သဘောထားစုစည်းချက်များအပါအဝင် လက်ရှိနိုင်ငံရေး၊ စစ်ရေး၊ ငြိမ်းချမ်းရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူပြုရေးကိစ္စရပ်များကို အဓိကထားဆွေးနွးညှိနှိုင်းသွားမည်ဖြစ်ကြောင်း နိုင်အောင်မင်းက ပြောကြားသည်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်H.E Prak Sokhom မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်သည့် ခရီးစဉ်တွင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခုနစ်ဖွဲ့နှင့် နေပြည်တော်၌ တွေ့ဆုံနိုင်ခဲ့ကြောင်း၊ လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ရေးအတွက် အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးတွေ့ဆုံနိုင်မည့် အခင်းအကျင်းတစ်ရပ်ဖြစ်ပေါ်လာရေး၊ ပါဝင်သင့်သူများ အားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ရေးနှင့် အရပ်သားများကို အကာအကွယ်ပေးခြင်းနှင့် လိုအပ်သော လူသားချင်းစာနာထောက်ထားမှု ပံ့ပိုးကူညီမှုများ ရရှိရေးတို့ကို အလေးထား အကောင်အထည်ဖော်ကူညီသွားရန် တိုက်တွန်းနိုင်ခဲ့ကြောင်း၊ ယခုအစည်းအဝေးတွင် ယင်းတွေ့ဆုံမှုများမှ တွေ့ရှိချက်များကိုလည်း သုံးသပ်ဆွေးနွေးသွားရန်ရှိကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် PPST အတွင်း လုပ်ငန်းစဉ်များ ဖော်ဆောင်ရာတွင် ချမှတ်ထားသည့် စည်းမျဉ်းများနှင့်ဆောင်ရွက်နိုင်ရေးသည် အဖွဲ့အစည်းတစ်ခု၌ အရေးကြီးသည့်အတွက် ယခုအစည်းအဝေးက တင်ပြထားသည့် လုပ်ထုံးလုပ်နည်းများကို အတည်ပြုပေးသွားမည်ဖြစ်ကြောင်း နိုင်အောင်မင်းက ပြောကြားသည်။

အထူးသဖြင့် ဇူလိုင် ၅ ရက်မှ ၆ ရက်အထိ ကျင်းပမည့်အစည်းအဝေးတွင် PPST အနေဖြင့် Summit ချမှတ်ပေးလိုက်သည့် မူဝါဒများ၊ နိုင်ငံရေးရည်မှန်းချက်များနှင့်အညီ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး၊ သက်ဆိုင်သူအားလုံးပါဝင်သည့် အဓိပ္ပါယ်ပြည့်ဝသော နိုင်ငံရေးဆွေးနွေးပွဲများဖြစ်ပေါ်လာရေးနှင့် အရပ်သားများကို အကာအကွယ်ပေးရေးကိစ္စတို့ကို ထိရောက်စွာအကောင်အထည်ဖော်နိုင်ရေးနည်းလမ်းများ ချမှတ်နိုင်ရေးအတွက် အားလုံးဝိုင်းဝန်းတိုင်ပင်ဆွေးနွေးသွားကြရန် ၎င်းက တိုက်တွန်းပြောကြားသည်။

Most Read

Most Recent