ငွေဖြစ်လွယ်မှု/ငွေပေါ်လွယ်မှု (Liquidity)

ငွေဖြစ်လွယ်မှု/ငွေပေါ်လွယ်မှု (Liquidity)
Published 19 June 2022
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းမှ စတင်ကာ မြန်မာနိုင်ငံအတွင်းရှိ ဘဏ်များမှ အပ်နှံငွေများ ထုတ်ယူမှုကို ကန့်သတ်ခဲ့သည့်အတွက် အကျိုးဆက်များမှာ ဆက်တိုက် ဖြစ်ပေါ်လာစေခဲ့သည်။ လူတန်းစားပေါင်းစုံ အသုံးပြုလျက်ရှိသည့် ATM စက်များတွင် ATM ကတ်များအသုံးပြုကာ ငွေသားတစ်ကြိမ် ထုတ်ယူခြင်းကို လုံလောက်သည့် ငွေသားပမာဏ (ဥပမာ- ၁၀ သိန်းခန့်) ထုတ်ယူနိုင်ရာမှ ၂၀၂၁ ခုနှစ် မတ်လ နောက်ပိုင်းမှစတင်ကာ ငွေသား ပမာဏ အနည်းငယ်သာထုတ်ယူနိုင်ရန် ကန့်သတ်သဖြင့် ငွေသားထုတ်ယူလိုသူများသည် နံနက် ၄ နာရီခန့်မှ စတင်ကာ တန်းစီ စောင့်ဆိုင်းမှုများ ဖြစ်ပေါ်လာစေခဲ့ပါသည်။

စာရေးသူတို့ ကိုယ်တိုင်မှာလည်း ငွေသားထုတ်ယူနိုင်ရန် မြန်မာ့စီးပွားရေးဘဏ်ဝင်းအပြင်၌ နေပူပူထဲတွင် အချိန်ကြာမြင့်စွာ တန်းစီပြီး ငွေသား ထုတ်ယူခွင့် တိုကင်လက်မှတ်ကို တန်းစီစောင့်ဆိုင်းရယူခဲ့ရပါသည်။ ထို့ပြင် ဘဏ်ပြင်ပတွင် ဘဏ်တွင်အပ်နှံထားရှိသည့် ငွေများအား ရာခိုင်နှုန်းတစ်ခု သတ်မှတ်ပြီး ငွေသားဖြင့် လဲလှယ်ပေးသည့် ဈေးကွက်များလည်း ဖြစ်ထွန်းပေါ်ပေါက်လာစေခဲ့ပါသည်။

အထက်ဖော်ပြပါ အခြေအနေများသည် ဘဏ်များတွင် အပ်နှံထားရှိသည့် ငွေများ၏ ငွေဖြစ်လွယ်မှု တစ်နည်းအားဖြင့် ငွေပေါ်လွယ်မှု (Liquidity) ကျဆင်းသွားခြင်းပင် ဖြစ်ပါသည်။ ဘာသာရပ်ဆိုင်ရာအရ တင်ပြရပါလျှင် ဘဏ်များ၏ ငွေဖြစ်လွယ်မှု (Bank Liquidity) ကျဆင်းသွားခြင်းပင် ဖြစ်ပါသည်။

တစ်နည်းအားဖြင့် ဘဏ်များအပေါ်တွင် ဘဏ်များကို အသုံးပြုလျက်ရှိကြသည့် ပြည်သူပြည်သားများ၏ ယုံကြည်စိတ်ချရမှု ကျဆင်းသွားခြင်း ပင် ဖြစ်ပါသည်။

ဖော်ပြပါအကျိုးသက်ရောက်မှုသည် တိုင်းပြည်နိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးတို့အပေါ်တွင် မည်ကဲ့သို့အကျိုးဆက်များ (Effects and Impacts) ဖြစ်ပေါ်စေသည်ကို အတိအကျ သိရှိနိုင်စေရန် တိုင်းတာသင့်ပြီး ဖော်ပြပါဆိုးကျိုးများအား အချိန်တိုအတွင်း ပပျောက်စေရန် မည်ကဲ့သို့ ကုစားသင့်သည်များကိုပါ ရှာဖွေ ဖော်ထုတ် လေ့လာသင့်ပါသည်။

ဘဏ်များနှင့် ပတ်သက်သည့် ငွေဖြစ်လွယ်မှုကို ဆွေးနွေးတင်ပြပြီးဖြစ်သည့်အတွက် ကုန်ပစ္စည်းများ၏ ငွေဖြစ်လွယ်မှု အခြေအနေကြောင့် အကျိုးသက်ရောက်မှုများအား စာရေးသူ၏အတွေ့အကြုံကို အခြေခံကာ တင်ပြပါမည်။ စာရေးသူသည် လွန်ခဲ့သည့် ခုနစ်နှစ်ခန့်က ကျေးလက်နေပြည်သူများ၏ စားနပ်ရိက္ခာ ဖူလုံရေး၊ အာဟာရ ပြည့်ဝစေရေးနှင့် အသက်မွေးဝမ်းကျောင်းဘဝ လုံခြုံရေးအခြေအနေများကို လေ့လာတိုင်းတာနိုင်ရန် ကချင်ပြည်နယ် လီဒိုလမ်းမကြီးဘေးရှိ ကျေးရွာများကို လေ့လာတိုင်းတာခွင့်ရရှိခဲ့ပါသည်။

ကျေးရွာတစ်ရွာတွင် စာရေးသူတို့ လေ့လာတိုင်းတာလျက်ရှိသည့် စားနပ်ရိက္ခာ ဖူလုံရေး၊ အာဟာရ ပြည့်ဝစေရေးနှင့် အသက်မွေးဝမ်းကျောင်းဘဝ လုံခြုံရေး အခြေအနေများနှင့် တိုက်ရိုက်ဆက်စပ်ပတ်သက်ခြင်း မရှိပါသော်လည်း စာရေးသူက သိလိုပါသဖြင့် ဘိန်းစိုက်ပျိုးခြင်းနှင့် ပတ်သက်သည်များကို ဆွေးနွေးမေးမြန်းဖြစ်ခဲ့ရာ တစ်နှစ်ပတ်လုံး အလုပ်လုပ်ရသည့် လူဦးရေနှင့် လူတစ်ဦးချင်း တစ်ရက် ပျမ်းမျှရရှိသည့် ငွေကြေးကို တွက်ကြည့်ရာတွင် သာမန်ရရှိသည့် လုပ်အားခထက် အနည်းငယ်သာ ပိုမိုသည်ကိုတွေ့ရှိရပါသည်။

ထို့ကြောင့် စာရေးသူက အခြားသော ပဲ၊ နှမ်း၊ ပြောင်းစသည့် စားသုံးသီးနှံများ စိုက်ပျိုးဖြစ်ထွန်းပါသလားဟုမေးကြည့်ရာ ဖြစ်ထွန်းပါသည်ဟု ဖြေကြားခဲ့ပြီး အဘယ့်ကြောင့် အဆိုပါ စားသုံးသီးနှံများကို ဦးစားပေး စိုက်ပျိုးခြင်း မပြုကြပါသလဲဟု မေးကြည့်ရာ စားသုံးသီးနှံများထွက်ရှိချိန်တွင် ဝယ်ယူမည့်သူ မရှိကြောင်းနှင့် ဘိန်းကိုမူ ငွေကြေးပေးပြီး ဝယ်ယူမည့်သူ ရှိကြောင်း ဖြေကြားခဲ့ပါသည်။

စာရေးသူ တင်ပြလိုသည့်အချက်မှာ ဘိန်းသည် တရားမဝင် စိုက်ပျိုးရသည့် အပင်အမျိုးအစား ဖြစ်ပါသော်လည်း ဈေးကွက် ငွေဖြစ်လွယ်မှု (Market Liquidity) ကြောင့် ရွေးချယ်စိုက်ပျိုးရသည့် အခြေအနေသို့ ရောက်ရှိနေသည်ကို တင်ပြခြင်းဖြစ်ပါသည်။

ဤတွင် အလျဉ်းသင့်သဖြင့် ငွေကြေးစနစ်နှင့် ဘဏ္ဍာရေးစနစ်သည် တိုင်းပြည်နိုင်ငံ ခေတ်မီဖွံ့ဖြိုးစေရန်အတွက် မည်မျှအရေးကြီးသည် ဆိုသည့် သဘောတရား အခြေအနေကို စာရေးသူ၏ အမြင်သက်သက်ဖြင့်တင်ပြပါမည်။ စာဖတ်သူတို့အနေနှင့် နိုင်ငံတကာအဆင့် အားကစား အသင်းကြီးများတွင် ဝင်ရောက် ကစားလျက်ရှိကြသည့် ဘောလုံးသမားများ၊ အားကစားသမား ရရှိသည့် ဝင်ငွေပမာဏကို ကြားဖူးတွေ့ဖူးကြမည်ဟု ယူဆပါသည်။ ထို့ပြင် နိုင်ငံတကာ အဆင့် ကုမ္ပဏီကြီးများ၊ ကော်ပိုရေးရှင်းကြီးများ၏ တန်ဖိုး၊ ဝင်ငွေ ပမာဏတို့ကိုလည်း ကြားသိနေကြမည်ဟု ထင်မြင်ပါသည်။ ဖော်ပြပါ တန်ဖိုး၊ ဝင်ငွေ ပမာဏများကို အဘယ်ကြောင့် သတ်မှတ်နိုင်၊ ပေးနိုင်ကြပါသလဲဆိုသည့် မေးခွန်း ဖြစ်ပါသည်။

စာရေးသူ၏ အဖြေမှာ ကောင်းမွန်တည်ငြိမ်ခိုင်မာသည့် ငွေကြေးစနစ်နှင့် ဘဏ္ဍာရေးစနစ်များ တည်ရှိနေသည့် အတွက် ဖြစ်ပါသည်။ ခေတ်မီပြီး ကောင်းမွန် တည်ငြိမ်ခိုင်မာသည့် ငွေကြေးစနစ်နှင့် ဘဏ္ဍာရေးစနစ်များ တည်ရှိနေပါလျှင် စွမ်းဆောင်ရည်ပြည့် ထူးချွန်စွာ ဆောင်ရွက်နိုင်ကြသူများအတွက် ထိုက်တန်သည့် ဝင်ငွေပမာဏကို ခံစားရရှိနိုင်ကြမည်ဖြစ်ပါသည်။ ချို့ယွင်းချက်ကြီးမားသည့် ပုံပျက်ပန်းပျက် ငွေကြေးစနစ် နှင့် ဘဏ္ဍာရေးစနစ် များဖြစ်နေပါလျှင် အဂတိလိုက်စားမှုများနှင့် အကျင့်ပျက်ခြစားမှုများ ဖြစ်ပေါ်လာစေပြီး မထိုက်တန်သူများက ချမ်းသာကြွယ်ဝသူများအဖြစ်သို့ ရောက်ရှိနေစေပြီးလျှင် ဂုဏ်သိက္ခာမရှိသည့် လူ့အဖွဲ့အစည်းအဖြစ်သို့ ရောက်ရှိ သွားပြီး ဂုဏ်သိက္ခာနှင့် အသက်ရှင်ရပ်တည်နိုင်ရန် မဖြစ်နိုင်တော့သည့် အခြေအနေသို့ ရောက်ရှိသွားစေပါသည်။

ခေတ်မီပြီး ကောင်းမွန်တည်ငြိမ်ခိုင်မာသည့် ငွေကြေးစနစ်နှင့် ဘဏ္ဍာရေးစနစ်များသည် တိုင်းပြည် နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေးလုပ်ငန်းများကိုလည်း ပံ့ပိုးကူညီဖြည့်ဆည်းပေးသည့်ကိရိယာဖြစ်ပါသည်။

စာရေးသူ အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိစဉ်က အတွေ့အကြုံကို ဝေမျှလိုပါသည်။ စာရေးသူတို့သည် အမေရိကန်ပြည်ထောင်စုတွင် တည်းခိုနေထိုင်ရန် ဟိုတယ်ခများကို ခရီးမထွက်မီ မြန်မာနိုင်ငံတွင် ရှိနေစဉ်အချိန်ကတည်းကပင် ပေးချေထားပြီး ဖြစ်ပါသည်။ ဆန်ဖရန်စစ္စကိုလေဆိပ်မှ တည်းခိုနေထိုင်မည့် ဟိုတယ်သို့ ရောက်ရှိချိန်သည် ည ၁၁ နာရီခန့်ဖြစ်ပြီး ဟိုတယ်တွင် တည်းခိုရန် စာရင်းသွင်းချိန်တွင် စတင်ပြီး အခက်အခဲကြုံတွေ့ရပါတော့သည်။ ဟိုတယ် တာဝန်ရှိသူက ဘဏ်နှင့်ပတ်သက်သည့် ကတ်ပြားအထောက်အထား သို့မဟုတ် အာမခံကတ်ပြားတင်ပြရန် တောင်းဆို ပါသည်။ ဒေါ်လာငွေကြေး ထောင်ချီ၊

သောင်းချီပြီး ပြသခြင်းကိုလည်း လက်မခံကြောင်း၊ ဘဏ်နှင့် ပတ်သက်သည့်အထောက်အထားတွင် တစ်ဒေါ်လာရှိနေလျှင်ပင် လက်ခံကြောင်း ပြောပြပါသည်။ စာရေးသူ တင်ပြလိုသည့်အဓိပ္ပာယ်မှာ အမေရိကန်ပြည်ထောင်စုတွင် ဟိုတယ်ခပေးချေပြီးဖြစ်ပါသော်လည်း ဘဏ်နှင့် ပတ်သက်သည့် အထောက်အထား မဖြစ်မနေ လိုအပ်ပါသည်ဆိုသည့် အခြေအနေကို တင်ပြခြင်း ဖြစ်ပါသည်။

ယခုအချိန်မှစတင်ကာ ဗဟိုချုပ်ကိုင်မှုရှိသည့် နိုင်ငံရေးစနစ်၊ ဈေးကွက်စီးပွားရေးစနစ်နှင့် ငွေကြေးစနစ်၊ ဘဏ္ဍာရေးစနစ်တို့၏ အဆက်အစပ်ကို တင်ပြပါမည်။ ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းမှစတင်၍ ဗဟိုချုပ်ကိုင်မှုကို အသုံးပြုလျက်ရှိသည့် နိုင်ငံရေးစနစ်များဖြစ်ကြသည့် ကွန်မြူနစ်စနစ်၊ ဆိုရှယ်လစ်စနစ်ကို ကျင့်သုံးသည့် အချို့နိုင်ငံများတွင် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးစေခဲ့ရာ အောင်မြင်မှုများ ရရှိခဲ့ကြပါသည်။ ပြည်သူ ပြည်သား များမှာ ချမ်းသာကြွယ်ဝခြင်း၏ အသီးအပွင့်များကို ခံစားခဲ့ကြရသည့်အပြင် ဆင်းရဲနွမ်းပါးမှုနှုန်းကိုလည်း သိသာထင်ရှားစွာ လျှော့ချနိုင်စေခဲ့ပါသည်။

ထိုကဲ့သို့ အောင်မြင်စေခဲ့သည့် အကြောင်းရင်းတစ်ရပ်မှာ အဆိုပါ နိုင်ငံများရှိ ငွေကြေးစနစ် နှင့် ဘဏ္ဍာရေးစနစ်ကို ကမ္ဘာ့ငွေကြေးစနစ် နှင့် ဘဏ္ဍာရေးစနစ်သို့ ချိတ်ဆက်ပေးနိုင်မှုကြောင့်လည်း ပါဝင်ပါသည်။ တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ကို လေ့လာနိုင်ပါသည်။ သို့သော်လည်း စစ်အုပ်ချုပ်ရေးကို ကျင့်သုံးသည့်နိုင်ငံရေးစနစ်နှင့် ဈေးကွက်စီးပွားရေးစနစ်ကို တွဲဖက်အကောင်အထည်ဖော်ရန် ကြိုးပမ်းဆောင်ရွက်သည့် နိုင်ငံဖြစ်လျှင်မူ အောင်မြင်မှု မရရှိနိုင်သည်ကိုလည်း တွေ့ရှိရပါသည်။

အဘယ်ကြောင့်ဆိုသော် စစ်အုပ်ချုပ်ရေးကို အသုံးပြုသည့် နိုင်ငံများ၏ ငွေကြေးစနစ် နှင့် ဘဏ္ဍာရေးစနစ်အား ကမ္ဘာ့ ငွေကြေးစနစ် နှင့် ဘဏ္ဍာရေးစနစ်တို့နှင့် ချိတ်ဆက်ခြင်းကို နိုင်ငံတကာအသိုင်းအဝိုင်းက လက်ခံခြင်း မပြုပါ။ ထို့ပြင် စစ်အုပ်ချုပ်ရေးကို အသုံးပြုလျက်ရှိသည့်နိုင်ငံများအား စီးပွားရေးအရ အရေးယူ ပိတ်ဆို့သည့် တစ်နည်းအားဖြင့် ငွေရေးကြေးရေးနှင့် ဘဏ္ဍာရေးတို့အရ ပိတ်ဆို့အရေးယူအပြစ်ပေးသည့် သဘောတရားကို နိုင်ငံတကာ အသိုင်းအဝိုင်းက အစဉ်တစိုက် ကျင့်သုံးလျက်ရှိသောကြောင့်လည်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အခြေအနေကို လေ့လာနိုင်ပါသည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့်အကြောင်းရင်းမှာ ငွေဖြစ်လွယ်မှု/ငွေပေါ်လွယ်မှု၏ အရေးကြီးပုံနှင့် အန္တရာယ်ရှိပုံတို့ကို သိမြင်နားလည်နိုင်ကြစေရန်နှင့် ငွေဖြစ်လွယ်မှု/ငွေပေါ်လွယ်မှု အခြေအနေများ မှန်ကန်စွာတည်ရှိဖြစ်ပေါ်နေစေရန်မှာ စနစ်တကျ ကြိုးပမ်းအားထုတ်ဆောင်ရွက်ကြရန် လိုအပ်ပြီး ငွေကြေး စနစ်၊ ဘဏ္ဍာရေးစနစ်နှင့် ဈေးကွက်များ မှန်ကန်ချောမွေ့စွာ လည်ပတ်နေမှသာလျှင် ငွေဖြစ်လွယ်မှု/ငွေပေါ်လွယ်မှု အခြေအနေကို ရရှိ ထိန်းသိမ်းထားနိုင်မည်ဖြစ်ကြောင်း သိမြင်နားလည်စေရန်ဖြစ်ပါသည်။

ငွေကြေးစနစ်၊ ဘဏ္ဍာရေးစနစ်နှင့် ဈေးကွက်များ တည်ငြိမ်ပြီး အားကောင်းခိုင်မာစွာ လည်ပတ်နိုင်စေရေးအလို့ငှာ နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ရယူထားကြသူများ၏ အသိဉာဏ်မဲ့စွာ ဝင်ရောက်စွက်ဖက်မှုများမှ ကင်းဝေးစေပြီးလျှင် တာဝန်ရှိသူများ၏ အသိဉာဏ်နှင့် ကောင်းမွန်စွာ စဉ်ဆက်မပြတ် ကြီးကြပ် ထိန်းကျောင်း ကြပ်မတ်နိုင်စေရေးကို ရည်ရွယ်ပါသည်။

ပထမဦးစွာ ငွေဖြစ်လွယ်မှု/ငွေပေါ်လွယ်မှု၏ အဓိပ္ပာယ်သတ်မှတ်ချက်များကို တင်ပြပါမည်။ ဆရာကြီး ဦးမြတ်သိန်း၏ စာအုပ် (Reference: 1) တွင် ဖော်ပြထားသည်များကို တိုက်ရိုက်တင်ပြခြင်းဖြစ်ပါသည်။ “ငွေဖြစ်လွယ်မှု (Liquidity) ဆိုသည်မှာ ရှိပြီးသား ဓနချမ်းသာစည်းစိမ် ဥစ္စာတစ်ခုခုကို အခြား အခြားသော ဓနချမ်းသာစည်းစိမ် ဥစ္စာ ပစ္စည်းပုံစံတစ်ခုသို့ အဆင်ပြေစွာ အသွင်ပြောင်းနိုင်ခြင်း ရှိ မရှိကို ဆိုလိုပါသည်။ (Reference: 1, pp-92). ဆရာကြီးက ဆက်လက်ရှင်းလင်း တင်ပြရာတွင် ငွေဖြစ်လွယ်မှုသည် ငွေကြေး၏ အဓိပ္ပာယ်သတ်မှတ်ရာ၌သော်လည်းကောင်း၊ ငွေကြေးပမာဏစုစုပေါင်းကို သတ်မှတ်ရာ၌သော်လည်းကောင်း အရေးပါသော အခြေခံသဘောတရားတစ်ခုဖြစ်၏။ စင်စစ် ငွေဖြစ်လွယ်မှုသည် နှေးခြင်း၊ မြန်ခြင်း နှစ်ခု၏ ဒီဂရီအတိုင်းအဆသာဖြစ်၏။ အချို့သောအရာများ၊ ပစ္စည်းများသည် ငွေအမြန်ဖြစ်လွယ်သည်။ ဥပမာ ရွှေ၊ အချို့အရာများသည် ငွေဖြစ်ရန် စောင့်ဆိုင်းရသည်။ ငွေဖြစ်နှေးသည်။ ကြာသည်။ ဥပမာ အိမ်၊ မြေ။ ဓနချမ်းသာအဝဝအနက် ငွေဖြစ်လွယ်ဆုံး အရာကို ပြပါဆိုလျင် ငွေစက္ကူကိုပင် ပြရမည်သာဖြစ်၏။ (Reference:1, pp-92).

ငွေဖြစ်လွယ်မှု/ငွေပေါ်လွယ်မှု သဘောတရားများနှင့် ပတ်သက်ပြီး အထက်တွင် တင်ပြခဲ့သည့် ဘဏ်များ၏ ငွေဖြစ်လွယ်မှု/ငွေပေါ်လွယ်မှု (Bank Liquidity) နှင့် ဈေးကွက်များ၏ ငွေဖြစ်လွယ်မှု/ ငွေပေါ်လွယ်မှု (Market Liquidity) တို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များကို ရှင်းလင်း တင်ပြခြင်း မပြုတော့ပါ။ ဖော်ပြပါ အဓိပ္ပာယ် သတ်မှတ်ချက်များ၊ သဘောတရားများနှင့် အတိုင်းအတာများသည် ကျယ်ပြန့်လွန်းသည့်အတွက် ယခုဆောင်းပါးအဆင့်နှင့် ပြည့်စုံအောင် တင်ပြရန် မဖြစ်နိုင်ပါ။

ဒုတိယအနေဖြင့် မိမိတို့ တိုင်းပြည်နိုင်ငံ၌ ငွေကြေးစနစ်၊ ဘဏ္ဍာရေးစနစ်နှင့် ဈေးကွက်တို့အပေါ်တွင် ထူးခြားစွာ ဆုံးဖြတ်ချက်ချမှတ် ဆောင်ရွက်ခဲ့ကြသည်များကို တင်ပြပါမည်။ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ငွေကြေးစနစ်၊ ဘဏ္ဍာရေးစနစ်နှင့် ဈေးကွက်များ လုံးဝရပ်ဆိုင်း ပျက်သုဉ်းသွားစေသည်အထိ ဆောင်ရွက်ခဲ့ကြသည်မှာ ၁၉၆၄ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၅ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၇ ခုနှစ်တွင် တစ်ကြိမ် စုစုပေါင်း သုံးကြိမ်အထိ ရှိခဲ့ပြီး ဖြစ်ပါသည်။ ယနေ့ အချိန်အခါတွင်လည်း အထက်ပါကဲ့သို့ လုံးဝ ရပ်ဆိုင်း ပျက်သုဉ်းသွားစေသည့်အဆင့်အထိ ဆောင်ရွက်ခြင်းမျိုးများ မဟုတ်သော်လည်း ငွေကြေးစနစ်၊ ဘဏ္ဍာရေးစနစ် နှင့်

ဈေးကွက်များ စနစ်တကျ မှန်ကန်စွာ လည်ပတ်နေခြင်းများကို ယိုယွင်းပျက်စီးစေမည့် အပြုအမူကိစ္စရပ်များကို ဆောင်ရွက်နေဆဲ ဆောင်ရွက်လျက်ရှိနေပါသည်။

ယခုဆောင်းပါး အစပိုင်းတွင် ဖော်ပြခဲ့သည့် ဘဏ်များတွင် အပ်နှံထားရှိသည့် ငွေများ၏ ငွေဖြစ်လွယ်မှု တစ်နည်းအားဖြင့် ငွေပေါ်လွယ်မှု (Liquidity) ကျဆင်းသွားခြင်း သို့မဟုတ် ဘဏ်များ၏ ငွေဖြစ်လွယ်မှု (Bank Liquidity) ကျဆင်းသွားခြင်း၊ ဘဏ်များကို အသုံးပြုလျက်ရှိကြသည့် ပြည်သူ ပြည်သားများ၏ ဘဏ်များအပေါ်တွင် ယုံကြည်စိတ်ချရမှု ကျဆင်းသွားခြင်းတို့သည် တိုင်းပြည်နိုင်ငံအတွက် အကျိုးသက်ရောက်မှုမှာ အန္တရာယ်ကြီးလှသည်ဟု စာရေးသူအနေဖြင့် ထင်မြင်ပါသည်။ မည်သည့်အတိုင်းအတာအထိ အကျိုးသက်ရောက်နိုင်မည်ကိုမူ သုတေသနပြု လေ့လာတိုင်းတာနိုင်မှသာလျှင် သိမြင်နိုင်မည် ဖြစ်ပါသည်။

စာဖတ်သူများအတွက် သတိပြုစေလိုသည့်အချက်မှာ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရယူထားသူများက ပြည်သူ ပြည်သားများအား တရားဝင်နည်းလမ်းများကို အသုံးပြုပြီး စနစ်တကျ လိုက်ပါဆောင်ရွက်နိုင်စေရန် ပြီးပြည့်စုံအောင် ပြင်ဆင်ထားခြင်း မရှိပါက အချို့သော ပြည်သူ ပြည်သားများအနေနှင့် မလွှဲသာ မရှောင်သာ တရားမဝင်နည်းလမ်းများကို အသုံးပြုကာ ၎င်းတို့အသက်ရှင်ရပ်တည်နိုင်စေရေးအတွက် မဖြစ်မနေ ကြိုးပမ်း အားထုတ် ဆောင်ရွက်ကြရသည်မှာ သဘာဝပင် ဖြစ်ပါသည်။ အကျိုးဆက်အဖြစ် တရားဥပဒေစိုမိုးရေး (The Rule of Law) ကို တည်ဆောက် ရရှိနိုင်စေရန်မှာ မဖြစ်နိုင်တော့သည့်အခြေအနေသို့ ရောက်ရှိသွားစေပါမည်။

တတိယအနေဖြင့် မိမိတို့ တိုင်းပြည် နိုင်ငံ၏ ငွေဖြစ်လွယ်မှု/ ငွေပေါ်လွယ်မှု (Liquidity) အပေါ်တွင် ဆောင်ရွက်ခဲ့ ကြသည့် ဆောင်ရွက်နေကြသည့် အပြုအမူများအတွက် အကျိုးသက်ရောက်နိုင်မှု အခြေအနေများကို စာဖတ်သူတို့ အလွယ်တကူ သိမြင်နားလည်နိုင်စေရန်အလို့ငှာ စာရေးသူ၏ အမြင်သက်သက်ဖြင့် တင်ပြပါမည်။ စာရေးသူအနေဖြင့် သဘောတရားအားဖြင့် ထပ်တူ တူညီခြင်းမရှိပါသော်လည်း ဥပမာအနေနှင့် နှိုင်းယှဉ် တင်ပြရပါလျှင် လူတစ်ဦး၏ခန္ဓာကိုယ်တွင် လည်ပတ်စီးဆင်းနေသည့် သွေးများ ချောမွေ့စွာလည်ပတ်နေစေရန်နှင့် သန့်စင်စေရန် လူ၏နှလုံးက အလုပ် လုပ်ပေးရပါသည်။ ဤဥပမာကို အသုံးပြု၍ နိုင်ငံတစ်နိုင်ငံတွင် လည်ပတ်လျက်ရှိသည့် ငွေကြေးစနစ်၊ ဘဏ္ဍာရေး စနစ်နှင့် ဈေးကွက် တို့နှင့် နှိုင်းယှဉ်ကာ ရှင်းလင်းတင်ပြပါမည်။

လူတစ်ဦး ကျန်းမာစွာ အသက်ရှင်သန်နိုင်စေရန်မှာ သွေးများပုံမှန်လည်ပတ်လျက်ရှိပြီးလျှင် လိုအပ်မည့်သွေးများ သန့်စင်ချောမွေ့စွာ လည်ပတ်နိုင်စေရေးအတွက်လည်း နှလုံးသည် ကောင်းမွန် ကျန်းမာစွာနှင့် သူ၏တာဝန်များကို ကျေပွန်စွာ ဆောင်ရွက်နိုင်ရမည်ဖြစ်ပါသည်။ ထိုနည်းတူစွာပင် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော တိုင်းပြည် နိုင်ငံတစ်နိုင်ငံအနေဖြင့်လည်း ရှင်သန်ရပ်တည်နိုင်စေရန်မှာ ခေတ်မီပြီး ကောင်းမွန်တည်ငြိမ် ခိုင်မာသည့် ငွေကြေးစနစ်၊ ဘဏ္ဍာရေးစနစ် နှင့် ဈေးကွက်များ စနစ်တကျ မှန်ကန်စွာ လည်ပတ်နေရမည်ဖြစ်ပါသည်။

အထက်တွင် တင်ပြခဲ့သည် ဥပမာနှင့် ရှင်းလင်းတင်ပြရပါလျှင် ယနေ့တည်ရှိဖြစ်ပေါ်လျက်ရှိသည့် အခြေအနေမှာ သွေးများသည် နှလုံးသို့ ရောက်ရှိနိုင်ခြင်းမရှိနိုင်တော့ဘဲ သွေးကြောများအတွင်း၌သာ လည်ပတ်နေတော့မည့် အခြေအနေဖြစ်ပါသည်။ ကြာရှည်လျှင် နာတာရှည် မကျန်းမာသည့် လူတစ်ဦးဖြစ်သွားပါမည်။ ထိုနည်းတူစွာ ငွေကြေးများသည်လည်း ဘဏ်များသို့ ရောက်ရှိလည်ပတ်ခြင်းမရှိတော့ဘဲ ပြည်သူပြည်သားများ၏ လက်ထဲတွင် လည်ပတ်နေစေကာ မြန်မာ့စီးပွားရေးအဆောက်အအုံသည် ငွေသားကိုသာအခြေခံလည်ပတ်သည့်စီးပွားရေး (Cash-Based Economy) အဖြစ် ကျုံ့ဝင်သွားပြီးလျှင် တိုင်းပြည် နိုင်ငံသည် စီးပွားရေး နာမကျန်းဖြစ်ပြီး ခေတ်မီ ဖွံ့ဖြိုးသည့် တိုင်းပြည် နိုင်ငံအဖြစ်သို့ ရောက်ရှိရန် မဖြစ်နိုင်တော့ပါ။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ ငွေဖြစ်လွယ်မှု/ငွေပေါ်လွယ်မှု၏ အရေးကြီးပုံနှင့် အန္တရာယ်ရှိပုံတို့ကို သိမြင် နားလည်နိုင်ကြစေပြီး ငွေဖြစ်လွယ်မှု/ငွေပေါ်လွယ်မှု အခြေအနေများ မှန်ကန်စွာ တည်ရှိဖြစ်ပေါ်နေစေရန်အတွက် ကြိုးပမ်းအားထုတ်ဆောင်ရွက်နိုင်စေရေး လိုအပ်ချက်များကို စနစ်တကျ လေ့လာရှာဖွေ ဖော်ထုတ်ခြင်းများ ပြုလုပ်ကာ ငွေကြေးစနစ်၊ ဘဏ္ဍာရေးစနစ်နှင့် ဈေးကွက်များ မှန်ကန်ချောမွေ့စွာ လည်ပတ်နေမှသာလျှင် ငွေဖြစ်လွယ်မှု /ငွေပေါ်လွယ်မှု အခြေအနေကို ရရှိထိန်းသိမ်းထားနိုင်မည်ဖြစ်ကြောင်းကိုလည်း သိမြင်နားလည် စေပြီး ငွေကြေးစနစ်၊ ဘဏ္ဍာရေးစနစ်နှင့် ဈေးကွက်များ တည်ငြိမ်ပြီး အားကောင်

းခိုင်မာစွာ လည်ပတ်နိုင်စေရေးအလို့ငှာ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရယူထားကြသူများ၏ အသိဉာဏ်မဲ့စွာ ဝင်ရောက်စွက်ဖက်မှုများမှ ကင်းဝေးစေပြီးလျှင် တာဝန်ရှိသူများ၏ အသိဉာဏ်နှင့် ကောင်းမွန်စွာ စဉ်ဆက်မပြတ် ကြီးကြပ် ထိန်းကျောင်း ကြပ်မတ်နိုင်စေရေးကို အစွမ်းကုန် ဆောင်ရွက်နိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။

 

Reference:

1. Myat Thein, (2009), “Money Matters (Essays on Money and Banking)”။ [ရွှေနွယ် မြန်မာမှုပြုသည်]။ ၂၀၀၉ ခုနှစ်၊ မေလ၊ အလင်းသစ်စာစဉ် (၃၄)။

 

Most Read

Most Recent