မေ ၂၀ ရက်မှစ၍ကမ္ဘာလှည့်ခရီးသည်များအား Tourist Visa ဖြင့် ဝင်ရောက်ခွင့်ပြုခဲ့ရာ နိုင်ငံပေါင်း ၂၇ နိုင်ငံမှ ခရီးသည်များဝင်ရောက်ခဲ့

မေ ၂၀ ရက်မှစ၍ကမ္ဘာလှည့်ခရီးသည်များအား Tourist Visa ဖြင့် ဝင်ရောက်ခွင့်ပြုခဲ့ရာ နိုင်ငံပေါင်း ၂၇ နိုင်ငံမှ ခရီးသည်များဝင်ရောက်ခဲ့
Published 10 June 2022

မေ ၂၀ ရက်မှ စတင်ကာ ကမ္ဘာလှည့်ခရီးသည်များအား Tourist Visa ဖြင့် ဝင်ရောက်ခွင့်ပြုခဲ့ရာ နိုင်ငံပေါင်း ၂၇ နိုင်ငံမှ ခရီးသည် များ ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

၂၀၂၂ခုနှစ် ဧပြီ ၁၇ ရက်မှစတင်ကာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ Commercial Flight များ စတင်ဆင်းသက်ခဲ့ပြီး မေ ၂၀ ရက်မှစ၍Tourist Visa ဖြင့် ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ်နိုင်ရန် ခွင့်ပြုခဲ့ရာ မေ ၂၄ ရက်မှစတင် ကာခရီးသည်များ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

သို့ဖြစ်၍ ၂၀၂၂ ခုနှစ် မေ ၂၄ ရက်မှ စတင်ကာ ဇွန် ၉ ရက်အထိ နိုင်ငံပေါင်း ၂၇ နိုင်ငံမှ ဧည့်သည်များ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လည်ပတ်ခဲ့ပြီး နေ့စဉ်နိုင်ငံတကာ လေကြောင်းလိုင်းရှစ်ခု ဆင်းသက်ပျံသန်း လျက်ရှိကြောင်း သိရသည်။

ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကမ္တာလှည့်ခရီးသွားလုပ်ငန်းတွင် အိမ်နီးချင်းနိုင်ငံများနှင့် ဟန်ချက်ညီဆောင်  ရွက်သွားနိုင်ရန်ရည်ရွယ်၍ e-Visa (Tourist) အမျိုးအစားလျှောက်ထားမှုများအား မေ ၂၀ ရက်မှစတင်ကာ တိုးမြှင့် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် နိုင်ငံခြားသားရင်းနှီး မြုပ်နှံသူများ၊ လုပ်ငန်းရှင်များ အဆင်ပြေချော မွေ့စွာလာရောက်နိုင်ရန်အတွက် Online e-Visa (Business)လျှောက်ထားမှု လုပ်ငန်းစဉ်အား ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှစ၍ ပြန် လည်စတင်ဆောင်ရွက်ခဲ့သည့်အပြင် နိုင်ငံတော်မှလည်း နိုင်ငံတကာလေကြောင်းလိုင်း ခရီးစဉ်များအား ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါဆိုင်ရာကျန်းမာရေး သတ်မှတ်ချက်များနှင့်အညီ ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့သဖြင့် ယခုအခါ နိုင်ငံခြားသားခရီးသွားများ တိုးတက်ဝင်ရောက်နေပြီဖြစ်ကြောင်း သိရသည်။

Online e-Visa(Tourist) လျှောက် ထားရန်လိုအပ်သည့် သတ်မှတ်ချက်များအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာန၏ Website လိပ်စာ http://evisa.moip.gov.mm တွင် ဝင်ရောက် ကြည့်ရှုလေ့လာ၍ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။

e-Visa ဖွင့်လှစ်နိုင်ရန်အတွက် ညှိနှိုင်းအစည်းအဝေးကို ပြီးခဲ့သည့် မေ ၁၂ ရက် မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေး၌  ဒုတိယဝန်ကြီး ဦးဌေးလှိုင်က Online e-Visa စနစ်ဖြင့် e-Visa(ကမ္ဘာလှည့်)ကို နိုင်ငံပေါင်း ၁၀၀၊ e-Visa (လုပ်ငန်း)ကို နိုင်ငံပေါင်း ၅၅ နိုင်ငံခွင့်ပြု ဆောင်ရွက်နေရာမှ ကိုဗစ်-၁၉ ရောဂါအခြေ အနေကြောင့် ၂၀၂၀ ပြည့်နှစ် မတ် ၂၃ ရက်မှစ၍ ယာယီရပ်ဆိုင်းထားခဲ့ကြောင်း၊ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု သိသိသာသာ လျော့နည်းကျဆင်းလာမှုကြောင့် e-Visa လုပ်ငန်းဗီဇာကို ဧပြီ ၁ ရက်မှ ပြန်လည်ခွင့်ပြုပေးလျက်ရှိကြောင်း၊ ဧပြီ ၁၇ ရက်မှစ၍လည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နိုင်ငံတကာလေကြောင်းလိုင်းများကို ပြန်လည် ဝင်/ထွက်ပျံသန်းခွင့်ပြုခဲ့ရာ e-Visa (Business)ဖြင့် လျှောက်ထားဝင်ရောက်လာမှုများ ရှိပါကြောင်း ပြောကြားသည်။

Most Read

Most Recent