၂၀၂၂ ခုနှစ် မေ ၂၀ ရက်တွင် ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်း ၁၀၂ ပွိုင့်ဝန်းကျင်ရှိကာ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၈၅၅ ကျပ် ဝန်းကျင်ရှိနေကြောင်း နိုင်ငံခြား ငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။
၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၉ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၇၀၀ ဝန်းကျင်အထိ စံချိန်တင်မြင့်တက်ခဲ့သည်။
ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၂ခုနှစ် မေ၂ဝရက်တွင်ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှု နှုန်းထားများမှာ ယူရို၂၁၄ဝကျပ်၊ စင်ကာပူ ဒေါ်လာ ၁၄၉၅ ကျပ်၊ မလေးရှားရင်းဂစ် ၄၆၀ ကျပ်၊ ထိုင်း ဘတ် ကျပ် ၆၀.၇၀၊ ဂျပန်ယန်း ၁၇.၅ ကျပ်၊ တရုတ် ယွမ် ၃၁၇ ကျပ်တို့ဖြစ်သည်။
သြဂုတ် ၈ ရက်က ထုတ်ပြန်ခဲ့သည့် နိုင်ငံခြားငွေများ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊လဲလှယ်ခြင်းတို့ လုပ်ဆောင်ရာတွင် CBM Reference Rate အား Mid-Rate ဖြင့် သတ် မှတ်၍ ရောင်းစျေးနှုန်းနှင့် ဝယ်စျေးနှုန်းကို သုည ဒသမ ၈ ရာခိုင်နှုန်းဘောင်အတွင်း ဆောင်ရွက်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏နိုင်ငံခြားသုံးငွေလုပ်ငန်းဆောင်ရွက်ချက်များမှာ ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းအတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန် အလုပ်လုပ်ရက်တစ်ရက်ရှိ မြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာ၏ ငွေလဲလှယ်နှုန်းနှင့် ယခင်ရက်ရည်ညွှန်းငွေလဲလှယ်နှုန်းတို့ကို နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းသည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ ရောင်းချရန် စျေး ပြိုင်လေလံကို ဖွင့်လှစ် ဆောင်ရွက်ခြင်း၊ မြန်မာကျပ်ငွေတန်ဖိုးမြင့်တက်သည့်ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဝယ်ယူရန် စျေး ပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်အရန်ငွေကို ဖြည့်တင်းရန် အလုပ်လုပ်ရက် တစ်ရက်၏ ငွေလဲလှယ်နှုန်းအား ပြီးခဲ့သည့် ရက်ပေါင်း ၂၀ အတွင်း၌ ဖြစ်ပေါ်သည့် ပျမ်းမျှမြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာလဲလှယ်နှုန်းနှင့် နှိုင်းယှဉ်ခြင်း၊ ယင်းသို့ နှိုင်းယှဉ်ချက်အရ မြန် မာကျပ်ငွေတန်ဖိုးမြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်း များအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင် နိုင်ငံခြားငွေ (ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင် လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ စျေးပြိုင် လေလံတွင် ဗဟိုဘဏ်က ကြေညာထားသည့် အမြင့်ဆုံးလဲလှယ်နှုန်းနှင့် အနိမ့် ဆုံးလဲလှယ်နှုန်းအကြား AD ဘဏ်များက တင်ပြသည့် နိုင်ငံခြားငွေဝယ်ယူရန်၊ ရောင်းချရန် တင်ပြချက်များကို Refinitiv (ယခင် Thomson Reuters) ၏ လေလံအရောင်းအဝယ်စနစ်ကို အသုံးပြု၍ ဗဟိုဘဏ်က ဝယ်ယူ၊ ရောင်းချ ခြင်းဖြစ်သည်။ ကာလတိုအတွင်း နိုင်ငံခြား ငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်ဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ဒီဇင်ဘာလကုန် အထိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာ ၄၄၃ ဒသမ ၈ သန်းအထိရောင်းချခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကထုတ်ပြန်သည့် စာရင်းများအရ သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် စျေးပြိုင် လေလံအတွက် စည်းမျဉ်း၊ ညွှန်ကြားချက်များချမှတ်ထားပြီး အဆိုပါစည်းမျဉ်း၊ ညွှန်ကြားချက်များနှင့်အညီ နိုင်ငံခြားငွေစျေးပြိုင် လေလံတွင် ပါဝင်သည့် နိုင်ငံခြားသုံးငွေ များ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်း လိုင်စင် (Authorized Dealer – AD) ရ ဘဏ်များဖြစ်သော နိုင်ငံပိုင်ဘဏ်သုံးဘဏ်၊ ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၉ ဘဏ်နှင့် နိုင်ငံ ခြားဘဏ် ဘဏ်ခွဲ ၁၃ ဘဏ်တို့ဖြင့် နိုင်ငံခြားငွေဝယ်ခြင်း၊ ရောင်းခြင်းတို့ကို ဆောင်ရွက်နေခြင်းဖြစ်သည်။









