ယခင်က ပြည်တွင်း ပြည်ပခရီးသွားများနှင့် လူးလွန့်လှုပ်ရှားလျက်ရှိသော နေရာ။ ကမ္ဘာလှည့်ခရီးသွားများအတွက် ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသပြီးလျှင် အခြားသောဆွဲဆောင်မှုအရာများစွာထဲမှ နံပါတ်တစ်နေရာတစ်နေရာဟု တင်စားခေါ်ဝေါ်ရသော ဒေသ။ ပြည်တွင်း ပြည်ပ ခရီးသွားများအတွက် ဗဟုသုတနှင့် လေ့လာမှတ်သားဖွယ်ရာများစွာ တည်ရှိနေဆဲ နေရာဒေသ။ ယဉ်ကျေးမှုအမွေအနှစ်များ သမိုင်းတန်ဖိုးများ စုဝေးတည်ရှိရာ နေရာဒေသ။
အင်းဝ သို့်မဟုတ် ရတနာပူရ ...
အင်းဝရှေးမြို့တော်ဟောင်း၏ လက်ရှိတည်နေရာသည် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်အတွင်း၌ တည်ရှိပြီး ဧရာဝတီမြစ်နှင့်ဒုဌဝတီမြစ် ခေါ် မြစ်ငယ်မြစ်တို့ မြစ်နှစ်စင်းဆုံစည်းရာနေရာတွင် တည်ရှိသည်။ အင်းဝမြို့ဟောင်း၏ မြောက်ဘက်တွင် စစ်ကိုင်းမြို့၊ အရှေ့မြောက်ဘက်တွင် အမရပူရမြို့၊ တောင်ဘက်၌ တံတားဦးမြို့နှင့် အနောက်ဖက်တွင် ဧရာဝတီမြစ်တို့နှင့် နီးစပ်၊ထိကပ်လျက်လည်း တည်ရှိသည်။
အင်းဝမြို့ကို ပုဂံအင်ပါရာခေတ်ကုန်ဆုံးပြီးနောက် မြန်မာသက္ကရာဇ် ၇၂၆ ခုနှစ်၊ ခရစ်နှစ် ၁၃၆၄ ခုနှစ်တွင် သတိုးမင်းဖျားက စစ်ကိုင်းမြို့နှင့် ပင်းယမြို့တို့အား တိုက်ခိုက်အောင်နိုင်ခဲ့ပြီး စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ သတိုးမင်းဖျားက မြို့တော်ကို "ရတနာပူရ" နန်းတော်ကို "ရွှေဘုံသာ"ဟူ၍ အမည်နာမသမုတ်ခဲ့သည်။ အင်းဝမြို့သည် သတိုးမင်းဖျား စတင်တည်ထောင်ခဲ့သည့် ၁၃၆၄ ခုနှစ်မှစတင်၍ ကုန်းဘောင်ခေတ် သာယာဝတီမင်းလက်ထက် ၁၈၄၀ ခုနှစ်အထိ နှစ်ပေါင်း ၄၀၀ ကျော်ကာလအတွင်း၌ လေးကြိမ်တိုင်တိုင် မင်းနေပြည်တော်ဖြစ်ခဲ့သည်။ ပထမအင်းဝခေတ်၊ ဒုတိယအင်းဝခေတ် ခေါ် ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်၌ နှစ်ကြိမ် ဟူ၍ လေးကြိမ်တိုင်တိုင် မင်းနေပြည်တော်ဖြစ်ခဲ့သည်။
အင်းဝမြို့ဟောင်းမှာ မင်းဆက်ပေါင်း သုံးဆက်အတွင်း၌ လေးကြိမ်တိုင်တိုင် မင်းနေပြည်တော်အဖြစ် မြန်မာဘုရင်များထီးနန်းစိုးစံခဲ့ကြသဖြင့် မြို့တော်ဟောင်းအတွင်း၌ ရှေးဟောင်းသာသနိကအဆောက်အဦများနှင့် အခြားရှေးဟောင်းအမွေအနှစ်များစွာ ယနေ့အချိန်အထိ တည်ရှိကျန်ရှိနေဆဲဖြစ်သည်။ အင်းဝမြို့ဟောင်းမှာ အပြင်မြို့ရိုး၊ အတွင်းမြို့ရိုးနှင့် နန်းတော်အား ထပ်မံကာရံထားသည့် မြို့ရိုးဟူ၍ မြို့ရိုးသုံးထပ်ကာရံကာ တည်ဆောက်ခဲ့သည်ကို ယနေ့အချိန်အထိ တွေ့မြင်နေရဆဲဖြစ်သည်။
အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းအမွေအနှစ် အထင်ကရနေရာများမှာ ရှေးဟောင်းစေတီပုထိုးများ၊ လေးထပ်ကြီးကျောင်း၊ နန်းမတော်မယ်နုလှူဒါန်းသည့် မဟာအောင်မြေဘုံစံအုတ်ကျောင်း၊ ဗားကရာကျောင်း၊ မြို့ရိုးနှင့်ကျုံး၊ နန်းမြင့်မျှော်စင်၊ ဘုတ်တလုပ်ကန်၊ သစ်လုံးတပ်၊ ဆင်ကျုံးခံတပ် အစရှိသည်တို့ဖြစ်ကြပြီး ယင်းသမိုင်းဝင်နေရာများသို့ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ လာရောက်လည်ပတ်လေ့လာမှုများရှိသည်။
လတ်တလောတွင် အင်းဝမြို့ဟောင်းမှာ Covid-19 ကပ်ရောဂါစတင်ဖြစ်ပွားစဉ်ကတည်းကပင် ပြည်ပခရီးသွားဝင်ရောက်မှုများ ပိတ်ပင်ထားခဲ့ခြင်းကြောင့် ပြည်ပခရီးသွားကဏ္ဍမှာ ရပ်ဆိုင်းနေပြီး လတ်တလောတွင် ပြည်တွင်းခရီးသွားများသာ လာရောက်လည်ပတ်လျက်ရှိသည်ကို တွေ့ရသည်။ ထိုသို့ ပြည်ပခရီးသွားဝင်ရောက်မှုမရှိခြင်းအပါအဝင် လတ်တလော နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်များကြောင့်ပါ ခရီးသွားကဏ္ဍအပေါ် မှီခိုနေကြရသည့် ဒေသခံများမှာ အခက်အခဲများဖြစ်ပေါ်လျက်ရှိနေကြသည်။ အထူးသဖြင့် ပြည်ပခရီးသွားများအား အဓိကမှီခိုနေကြရသည့် အင်းဝဒေသမှ မြင်းလှည်းမောင်းသူများလည်း ခရီးသွားများမရှိသဖြင့် မြင်းလှည်းလုပ်ငန်းများရပ်ဆိုင်းထားခဲ့ရသည်မှာ နှစ်နှစ်ခန့်ကြာမြင့်ခဲ့ပြီဟု ဒေသခံတို့က ညည်းတွားစကားဆိုနေကြသည်။















