ပြည်တွင်းဘဏ်များအနေဖြင့် တစ်လလျှင် အများဆုံး အသုံးပြုနိုင်သည့် ပမာဏအဖြစ် International Prepaid Card ကို ဒေါ်လာ ၂၅ဝဝနှင့် International Credit Card ကို ကျပ် ၂၅ သိန်းအထိသာ ခွင့်ပြုပေးရန် ဧပြီ ၇ ရက်က မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၇.၁၀.၂၀၁၃)ရက်စွဲပါစာအမှတ်နှင့် ၁၆.၁.၂၀၁၇ ရက်စွဲပါ စာအမှတ်များအရ ပြည်ပသို့ သွားရောက်ကြမည့် မြန်မာနိုင်ငံသားများအနေဖြင့် Retail ငွေပေးချေမှု အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်စေရန်နှင့် ငွေကြေးသယ်ဆောင်ရသည့်အခက်အခဲများ လျော့နည်းသက်သာစေရန် International Prepaid Card (Master Card/VISA/UPI Prepaid card) ထုတ်ဝေခွင့်ကို တစ်လလျှင် ကတ်တစ်ကတ်အများဆုံးအသုံးပြုနိုင်သည့်ပမာဏ အမေရိကန်ဒေါ်လာ ၅၀၀၀ သတ်မှတ်ထားသည်။
International Credit Card (Master Card/VISA/UPI/JCB credit card) ထုတ်ဝေခွင့်ကို အသုံးပြုနိုင်သည့်ပမာဏ သတ်မှတ်ခြင်းအား ကတ်အသုံးပြုမည့်သူ၏ ဝင်ငွေအပေါ်မူတည်၍ တစ်လလျှင် ကတ်တစ်ကတ်အများဆုံးအသုံးပြုနိုင်သည့်ပမာဏ ကျပ်သိန်း ၅၀ သတ်မှတ်ထားသည်။
ယခုအခါ ပြည်တွင်းဘဏ်များအနေဖြင့် International Card များ ထုတ်ဝေရာတွင် တစ်လလျှင် ကတ်တစ်ကတ်အများ ဆုံးအသုုံးပြုနိုင်သည့်ပမာဏအား ပြင်ဆင်သတ်မှတ်ပြီး ကတ်လုပ်ငန်းများကို ပုံမှန်အတိုင်း ဆောင်ရွက်သွားရန် ဖြစ်ကြောင်း ပြည်တွင်းဘဏ်များသို့ ဗဟိုဘဏ်က ညွှန်ကြားထားသည်။
ယင်းကဲ့သို့ ပြင်ဆင်သတ်မှတ်ရာတွင် International Prepaid Card Card (Master Card/VISA/UPI Prepaid card) များ အတွက် တစ်လလျှင် အများဆုံး အမေရိကန်ဒေါ်လာ ၂၅၀၀ သာ ထုတ်ယူရန် ပြောင်းလဲသတ်မှတ်ထားသည်။
International Credit Card (Master Card/VISA/UPI/JCB credit card) နှင့် International Co-brand Card (MPU-UPI၊ MPU-JCB card) များအ တွက် ကျပ် ၂၅ သိန်းသာ ထုတ်ယူရန် ပြောင်းလဲသတ်မှတ်ထားသည်။
International Prepaid Card၊ International Credit Card နှင့် International Co-brand Card ထုတ်ဝေခြင်း (Issuing) နှင့် ကတ်လက်ခံသုံးစွဲခြင်း (Acquiring) နှင့် စပ်လျဉ်းသည့်အခြေအနေ ၊အချက်အလက်များကို ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် ဇယားတွင် ဖြည့်စွက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် စာရင်းဌာနသို့ အပတ်စဉ်ပေးပို့ရန်ဖြစ်သည်။
ထိုသို့ ပေးပို့ရာတွင် အပတ်စဉ် သောကြာနေ့ရှိ ကတ်လုပ်ငန်း Position ကို နောက်တပတ် တနင်္လာနေ့ နံနက် ၉ နာရီ ၃၀ မိနစ် နောက်ဆုံးထား၍ ဗဟိုဘဏ်သို့ ပေးပို့အကြောင်းကြားရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။









