ပေါ်ပြူလစ်ဇင်နှင့် နိုင်ငံရေး

ပေါ်ပြူလစ်ဇင်နှင့် နိုင်ငံရေး
Published 23 March 2022

ပေါ်ပြူလစ်ဇင်သည် အခွင့်ထူးခံအီလစ်များက သာမန်ပြည်သူများကို ခေါင်းပုံဖြတ်နေသည်ဟု အဆိုပြုပြီး ယင်းကို ဖြေရှင်းနိုင်ရန်ကြိုးပမ်းသည့် နိုင်ငံရေးယုံကြည်ချက်တစ်ရပ်ဖြစ်သည်။ ပေါ်ပြူလစ်များ၏ အခြေခံအိုင်ဒီယိုလိုဂျီသည် လက်ဝဲ သို့မဟုတ် လက်ယာ သို့မဟုတ် ဗဟိုမည်သည့်ဝါဒမဆို ဖြစ်နိုင်သည်။ ပေါ်ပြူလစ်ဇင်၏ ရည်မှန်းချက်မှာ (ကောင်းစွာအခြေခိုင်ပြီးသား နိုင်ငံရေးသမားများ ဖြစ်လေ့ရှိသည့်) အဂတိလိုက်စားမှု လွှမ်းမိုးနေသော အီလစ်များနှင့် ၎င်းတို့အား ကျောထောက်နောက်ခံ ပြုပေးထားသည့် ချမ်းသာကြွယ်ဝသူများနှင့် အရှိန်အဝါသြဇာကြီးမားသူများကို ဆန့်ကျင်ကာ မည်သို့မျှ ထူးခြားမှုမရှိသော်လည်း အဂတိလိုက်စားမှုမရှိသည့် လူသာမန်များကို စုစည်းရန်ဖြစ်သည်။ လူထု၏ တိုက်ရိုက်လုပ်ဆောင်ချက်များသည် နိုင်ငံရေးနှင့် လူမှုရေးရည်မှန်းချက်များကို အကောင်းဆုံးရယူပေးနိုင်သည်ဟူသော ယုံကြည်ချက်က ပေါ်ပြူလစ်ဇင်ကို လမ်းညွှန်သည်။ ပေါ်ပြူလစ်ဇင်နိုင်ငံရေးသည် ပင်မရေစီးနိုင်ငံရေး အင်စတီကျူးရှင်းများက လုပ် ဆောင်ပေးနိုင်ခြင်းမရှိဟု ထင်မြင်ရသည့်နေရာသို့ အဓိကကျစွာရောက်ရှိလာသော်လည်း ယင်းအဆင့်သို့ မြင့်တက်ရောက်ရှိလာသည်ဟူသည့် ဆုပ်ကိုင်သတ်မှတ်စရာ စီးပွားရေး သို့မဟုတ် လူမှုရေးဆိုင်ရာအခြေအနေရပ်များမရှိသကဲ့သို့ ၎င်းင်းတို့ကိုယ်စားပြုသည်ဟူသော အထူးပြုသတ်မှတ်စရာ လူတန်းစားလည်း မရှိပေ။

နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမားအချို့က ပေါ်ပြူလစ်နှင့် ပေါ်ပြူလစ်ဇင်ဟူသည့် အသုံးအနှုန်းများကို ၎င်းင်းတို့အတိုက်အခံများအား ရှုတ်ချချိုးနှိမ်ရန် စကားလုံးများအဖြစ်လည်း သုံးလေ့ရှိသည်။ ၎င်းတို့က ပေါ်ပြူလစ်ဇင်အား နိုင်ငံရေးနယ်ပယ်၌ လူကြိုက်များအောင် လက်တွေ့မဆန်သော သို့မဟုတ် လေလုံးသက်သက်သာဖြစ်သော အဆိုပြုချက်များမှတစ်ဆင့် လူထုကျလောက်အောင် နှိုးဆွလှုံ့ဆော်မှုအဖြစ် ရှုမြင်ခြင်းဖြစ်သည်။ ပေါ်ပြူလစ်ဇင်ကို ဒီမိုကရေစီနိုင်ငံများ၌ အတွေ့ရအများဆုံးဖြစ်သည်။ နိုင်ငံရေးသိပ္ပံပညာရှင် ကက်စ်မာဒီက “ပေါ်ပြူလစ်ဇင်သည် ကိုယ်စားပြုဒီမိုကရေစီစနစ်ကို ဆက်ခံခြင်းသာဖြစ်ပြီး ပေါ်ပြူလစ်များသည် အဂတိလိုက်စားသည့်အီလစ်များကို ဆန့်ကျင်သည့် စစ်မှန်သော ပြည်သူများနှင့် တစ်တန်းတစ်စားတည်း တည်ရှိခြင်းမရှိဟု လေ့လာသူအများအပြားက သတိပြုမိခဲ့သည်” ဟု ရေးသားခဲ့ဖူးသည်။

မည်သို့ပင်ဆိုစေ ပေါ်ပြူလစ်ဇင်တစ္ဆေက ခေတ်သစ်ဒီမိုကရေစီစနစ်များကို ခြောက်လှန့်လျက်ရှိသည်။ ဒီမိုကရေစီကိုယ်နှိုက်တွင် ရှုထောင့်နှစ်ရပ် ရှိနေသည်။ ရှုထောင့်တစ်ရပ်မှာ တရားဥပဒေ၏ရှေ့မှောက်၌ အားလုံးအတွက် တစ်သီးပုဂ္ဂလဆိုင်ရာ လွတ်လပ်ခွင့်များနှင့် တန်းတူညီမျှမှုများအဖြစ် ရှုမြင်ခြင်းဖြစ်ပြီး အခြားတစ်ရပ်မှာ ပြည်သူများကို အစုလိုက်အပြုံလိုက် ထိန်းချုပ်ရွေ့လျားစေနိုင်သည့် နိုင်ငံများနှင့် ပါတီများအဖြစ် ရှုမြင်ခြင်း ဖြစ်သည်။

လူကြိုက်များရေးဝါဒီများ အစိုးရအာဏာကို ရရှိသည့်အခါ ၎င်းတို့ကိုယ်တိုင် အီလစ် အသစ်များဖြစ်လာသည့် အနေအထားနှင့် ရင်ဆိုင်ရသည်။ ဥပမာအားဖြင့် ဗင်နီဇွဲလားမှ ဟူဂိုးချာဗက်နှင့် ဆလိုဗက်ကီးယားမှ ဗလာဒီမာမက်ဆီယာတို့ ဖြစ်ကြသည်။ လူကြိုက်များ ရေးဝါဒီတို့သည် ၎င်းတို့၏ အနေအထားသစ်များနှင့်ကိုက်ညီစေရန် အီလစ်နှင့်ပတ်သက်သော ၎င်းတို့၏ သဘောထားကို ပြောင်းလဲပစ်လိုက်ခြင်းဖြင့် အီလစ်ဆန့်ကျင်ရေးဟုဆိုခဲ့သည့် ၎င်းတို့၏စကားများကို ပြန်လည်ထိန်းသိမ်းတတ်ကြသည်။

သူတို့က တကယ့်အာဏာအစစ်ကို အစိုးရက ချုပ်ကိုင်ထားနိုင်သည်မဟုတ်ဘဲ လူကြိုက်များရေးဝါဒီ အစိုးရကို ဆက်လက်လှိုက်စားဖြိုဖျက်နေသည့် အခြားသြဇာကြီး အင်အားစုများနှင့် ပြည်သူတို့၏ဆန္ဒကိုယ်နှိုက်က ချုပ်ကိုင်ထားခြင်းသာဖြစ်သည်ဟု ဆင်ခြေပေးတတ်ကြသည်။ ယင်းကဲ့သို့သောအနေအထားမျိုး၌ လူကြိုက်များရေးဝါဒီ အစိုးရအဖွဲ့များသည် အီလစ်များကို စီးပွားရေးအာဏာကို ချုပ်ကိုင်ထားသူများအဖြစ် အဓိပ္ပာယ်ဖွင့်ကြပြန်သည်။ ဥပမာအားဖြင့် ဗင်နီဇွဲလားတွင် ချာဗက်က သူ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများအား ကဖျက်ယဖျက်လုပ်နေသူများဟု စီးပွားရေးအီလစ်များကို အပြစ်တင်ခဲ့သည်။ ဂရိနိုင်ငံတွင် လက်ဝဲယိမ်းလူကြိုက်များရေးဝါဒီဝန်ကြီးချုပ် အဲလက် ဆစ်ဆီးပရက်စ်က သူ၏အစိုးရအဖွဲ့ကို လှိုက်စား ဖျက်ဆီးနေသူများအဖြစ် လော်ဘီဝါဒီများ နှင့် လူနည်းစုအခွင့်ထူးခံများကို စွပ်စွဲခဲ့သည်။

အနေအထားအမျိုးမျိုးတွင် လူကြိုက်များရေးဝါဒီတို့က အီလစ်များသည် နိုင်ငံတော်၏ အကျိုးစီးပွားကို ဆန့်ကျင်လုပ်ဆောင်နေသည်ဟု အခိုင်အမာပြောကြားလေ့ရှိသည်။ ဥပမာအားဖြင့် ဥရောပသမဂ္ဂတွင် လူကြိုက်များရေးဝါဒီအုပ်စုအမျိုးမျိုးက ၎င်းတို့နိုင်ငံ၏ နိုင်ငံရေးအီလစ်များသည် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို ကျော်လွန်ကာ ဥရောပသမဂ္ဂ သက်သက်၏ အကျိုးစီးပွားကို ဖော်ဆောင်နေသည်ဟု စွပ်စွဲကြသည်။ အလားတူစွာပင် လက်တင်အမေရိက၌ လူကြိုက်များရေးဝါဒီများသည် နိုင်ငံရေးအီလစ်များအား မိမိတို့နိုင်ငံ ၏အကျိုးစီးပွားထက် အမေရိကန်ပြည်ထောင်စု၏ အကျိုးစီးပွားကိုဖော်ဆောင်ရာ၌ ကျွမ်းကျင်သူများဟု စွပ်စွဲကြသည်။ လူကြိုက်များရေးဝါဒီများ (အထူးသဖြင့် ဥရောပ) ၏ အသုံးများသော အခြားနည်းဗျူဟာတစ်ရပ်မှာ မိမိတို့ဒေသခံလူထုထက် ရွှေ့ပြောင်းအခြေချသူများ၏ အကျိုးစီးပွားကို ဖော်ဆောင်နေသည်ဟု အီလစ်များကို စွပ်စွဲခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေ၊ ပေါ်ပြူလစ်ဇင်သည် ခေတ်သစ်နိုင်ငံရေး၌ တိုး၍တိုး၍သာ အရေးပါလာနေသည်ကို သတိပြုရန်လိုအပ်ပါကြောင်း The Daily Eleven  သတင်းစာက ရေးသားအပ်ပါသည်။

မတ် ၂၄ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent