ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်နိုင်မှုနှင့် မြန်မာနိုင်ငံ၏ ကိုဗစ်ဖြစ်ပွားမှုအခြေအနေ

ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်နိုင်မှုနှင့် မြန်မာနိုင်ငံ၏ ကိုဗစ်ဖြစ်ပွားမှုအခြေအနေ
Published 21 March 2022
ပြည့်ဖြိုးအောင်  

ကိုဗစ်ကာကွယ်ဆေးများ ပေါ်ပေါက်လာချိန်တွင် ကာကွယ်ဆေးထိုးနှံခြင်းကို အကြိမ်အလိုက် လုပ်ဆောင်ခဲ့ကြပြီး ကိုဗစ်မျိုးကွဲ ကူးစက်ပျံ့နှံမှု အခြေအနေနှင့် ကိုယ်ခံအားရှိမှုအပေါ်မူတည်၍ ထပ်တိုး ကာကွယ်ဆေးများ ထိုးနှံလျက်ရှိသည်။

ကိုဗစ်မျိုးကွဲများ၏ အန္တရာယ်များကို အကောင်းဆုံးထိန်းချုပ်ခြင်းမှာ ကာကွယ်ဆေးထိုးနှံခြင်းဖြစ်သည် ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားသည်။

ကမ္ဘာ့နိုင်ငံများအနက် ချမ်းသာသောနိုင်ငံနှင့် ကာကွယ်ဆေးထုတ်လုပ်နိုင်သည့်  နိုင်ငံများတွင် ကာ ကွယ်ဆေးထိုးနှံခြင်း အပြည့်အ၀ ရရှိထားပြီး လက်ရှိမြန်မာနိုင်ငံတွင် ကာကွယ်ဆေးလွှမ်းခြုံမှုမှာ  တစ်နိုင်ငံလုံး အတိုင်းအတာအရ ရာခိုင်နှုန်း ၆၀ ကျော်သာ  ရှိနေသေးသည်။

ကာကွယ်ဆေး အပြည့်အဝထိုးနှံမှုရရှိပြီး ထပ်တိုးကာကွယ်ဆေးများ ထိုးနှံပြီးသည့် နိုင်ငံများ၌ပင် ကိုဗစ်မျိုးကွဲများက ကူးစက်ပျံ့နှံ့လျက်ရှိခြင်းကြောင့် မြန်မာနိုင်ငံတွင် ကာကွယ်ဆေးလွှမ်းခြုံမှု အပြည့်အ၀ ရှိစေရန် ကာကွယ်ဆေး လိုအပ်ချက်များ ရှိနေဆဲဖြစ်သည်။

■ မြန်မာနိုင်ငံ၏ ကာကွယ်ဆေးရရှိမှုနှင့် ထိုးနှံထားမှုအခြေအနေ

မြန်မာနိုင်ငံတွင် ကိုဗစ်ကာ ကွယ်ဆေးထိုးနှံမှုကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်း စတင်ထိုးနှံပေးခဲ့ပြီး ဦးစားပေးအုပ်စုများအလိုက် ထိုးနှံခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း ထိုးနှံပေးနေသည့် ကာကွယ်ဆေးများမှာ တရုတ်၊ အိန္ဒိယနှင့် ရုရှားနိုင်ငံတို့က ထုတ်လုပ်သော ကာကွယ်ဆေးများဖြစ်သည့် Covid Shield၊ Sinopharm၊ Sinovac ၊ Covaxin၊ Sputnik light၊ နှင့် Astra Zeneca တို့ ထိုးနှံပေးလျက်ရှိသည်။

COVID-19 ရောဂါကာကွယ်ဆေးများဝယ်ယူမှုနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် ဒေါ်လာ ၂၇၆ ဒသမ ၆၄ သန်း သုံးစွဲခဲ့ကာ မိတ်ဆွေနိုင်ငံများ လှူဒါန်းမှုအနေဖြင့် ဒေါ်လာ ၁၂၁ ဒသမ ၁၂ သန်း လှူဒါန်းခဲ့ပြီး  ကာကွယ်ဆေးဝယ်ယူမှုမှ ၄၅ သန်း၊ လှူဒါန်းမှုမှ ၁၇ သန်း စုစု ပေါင်း သန်း ၆၀ Doses ကျော် ရရှိထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

လက်ရှိတွင် အသက် ၆၅ နှစ်အထက် အသက်အရွယ်ရှိသူများအား COVID-19 ရောဂါကာကွယ်ဆေး တတိယအကြိမ် (Booster Dose) ထိုးနှံပေးနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

COVID-19 ရောဂါကူးစက်ပါက ပြင်းထန်စွာခံစားရနိုင်သည့် အသက်အရွယ်ကြီးသူ၊ ရောဂါအခံရှိသူများကို COVID-19 ကာကွယ်ဆေး တတိယအကြိမ်(Booster Dose) ဦးစားပေး ထိုးနှံပေးနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

နိုင်ငံဝန်ထမ်းများအား အသက် ၅၀ အထက်၊ ကျန်းမာရေးဝန်ထမ်းများအား အသက်အကန့်အသတ်မရှိ ထိုးနှံပေးကြောင်းနှင့် ပြည်သူထဲမှ အသက် ၆၅ အထက်(အဓိက ကူးစက်လွယ်သည့်အုပ်စု၊ ကူးစက်လျှင်  ပြင်းပြင်းထန်ထန်ခံစားရနိုင်သည့် အသက်အရွယ်ကြီးသူ၊ ရောဂါအခံရှိသူ) များကို ဦးစားပေးထိုးနှံပေးကြောင်း သိရသည်။

တိုင်းဒေသကြီး၊ ပြည်နယ်အချို့တွင်လည်း အသက် ၆၅ နှစ် အောက် လျှော့ပေါ့ထိုးနှံပေးကြောင်း၊ ၎င်းတို့ အနေဖြင့် ဆေးရရှိမှုပေါ်မူတည်ပြီး အကျုံးဝင်သည့်အုပ်စုများကို တတိယအကြိမ် ထိုးနှံခြင်းဖြစ်ကြောင်း၊ တတိယအကြိမ် (Booster Dose) ထိုးနှံခြင်းကိုလည်း တဖြည်းဖြည်း တိုးမြှင့်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် တစ်ကြိမ်မျှ ထိုးနှံရခြင်း မရှိသေးသူများကိုလည်း ဦးစားပေး ထိုးနှံရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်ကာကွယ်ဆေးများကို ဦးတည်ဦးစားအုပ်စုအလိုက် ထိုးနှံပေးလျက်ရှိရာ မတ် ၁၅ ရက်အထိ ကာကွယ်ဆေးနှစ်ကြိမ်ပြည့် ထိုးနှံပြီးစီးသည့် လူဦးရေ ၂၁,၅၀၁,၅၂၃ (၂၁ ဒသမ ၅၀ သန်း)၊ တစ်ကြိမ်ထိုးနှံပြီးစီးသည့် လူဦးရေ ၃,၆၉၄,၂၉၆ (၃ ဒသမ ၆၉ သန်း)၊ ထိုးနှံပြီးစီးသည့်လူဦးရေ စုစုပေါင်း ၂၅,၁၉၅,၈၁၉ (၂၅ ဒသမ ၁၅ သန်း) နှင့်ကာကွယ်ဆေးအကြိမ်ရေစုစုပေါင်း ၄၆,၆၉၇,၃၄၂ ( ၄၆ ဒသမ ၆၉ )သန်းရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ယခု COVID-19 စတုတ္ထလှိုင်းဖြစ်ပွားမှု နောက်ပိုင်းကာလများတွင် COVID-19 ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှု များပြားမလာစေရန်အတွက် အဓိကအရေးကြီးသည့် ဦးတည်အုပ်စုများအတွင်း ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရန် ဦးတည်ချက်ထား၍ လုပ်ငန်းများအရှိန်အဟုန်မြှင့် လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

နိုင်ငံတကာတွင် သုတေသနပြု လေ့လာချက်များအရလည်း ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံမှု ခံယူ ထားခြင်းအားဖြင့် ရောဂါဝင်ရောက် ကူးစက်နိုင်မှုကို ငါးဆအထက်၊ ရောဂါကြောင့်ဆေးရုံတက်ရောက်ရမှုကို ၁၀ ဆအထက်၊ ရောဂါကြောင့် သေဆုံးရမှုကို ၁၀ ဆအထက် လျှော့ချနိုင်သည်ကို တွေ့ရှိရသည်။ 

ထို့ကြောင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရာတွင် ရေရှည်အတွင် အကောင်းဆုံး နည်းလမ်းမှာ ရည်မှန်းဦးတည်အုပ်စု အားလုံးကို COVID-19 ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်မပျက်မကွက် ထိုးနှံမှုခံယူထားရန်လိုကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။     မြန်မာနိုင်ငံတွင် ကိုဗစ်တတိယလှိုင်းကာလအတွင်း ကာကွယ်ဆေးရရှိမှု အခြေအနေနှင့်ထိုးနှံမှု အားနည်းခြင်းကြောင့် ကိုဗစ်မျိုးကွဲ ဒယ်လ်တာ၏ ကူးစက်မှုအပြင်းအထန်ခံစားခဲ့ရပြီး သေဆုံးမှုများလည်းရှိခဲ့သည်။         

ထို့နောက် ကမ္ဘာ့နိုင်ငံအသီးသီးသို့ အလျင်အမြန်ကူးစက်ပျံ့နှံနေသည့် အိုမီခရွန်ဗိုင်းရပ်စ် မြန်မာနိုင်ငံတွင် ကူးစက်ပျံ့နှံ့ချိန်တွင် ကာကွယ်ဆေးများ ထိုက်သင့်သလောက် ထိုးနှံမှုရရှိထားကြောင့် ကူးစက်မှုကို ခံစားရသော်လည်း ဆေးရုံတက်ရောက်ကုသရခြင်းနှင့် သေဆုံးမှုတို့ကို လျှော့ချထားနိုင်ခဲ့သည်။

မြန်မာနိုင်ငံတွင် ထုတ်လုပ်တော့မည့် ကိုဗစ်ကာကွယ်ဆေး Myancopharm ကိုဗစ်ကာကွယ်ဆေးကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရန် တရုတ်နိုင်ငံမှ Sinopharm CNBG ဆေးဝါးစက်ရုံနှင့် ပူးပေါင်းပြီး ၂၀၂၁ ခုနှစ် ဇူလိုင်အတွင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကိုဗစ် ကာကွယ်ဆေး Myancopharm ထုတ်လုပ်ရန် တရုတ်နိုင်ငံ Sinopharm CNBG မှပညာရှင်များ၊ စက်မှုဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးတို့မှ ပညာရှင်များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံမှ ကာကွယ်ဆေးထုတ်လုပ်နေသည့် စက်ရုံများ၏ GMP ဆိုင်ရာ အချက်အလက်များ၊ ကာကွယ်ဆေးထုတ်လုပ်သည့်စက်ပစ္စည်းများ၏ အခြေခံအချက်များကြောင့် ကာကွယ်ဆေးများ ထုတ်လုပ်နိုင်သည့် အခြေအနေရှိပြီး ယင်းအခြေခံစက်များမှာ ယခင်ကာကွယ်ဆေးများနှင့် မြွေဆိပ်ဖြေဆေးများကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ကြောင်း ဒေါက်တာ အောင်ဇော် (စက်မှု/ဆေးဝါး) ၏ကာကွယ်ဆေးထုတ်လုပ်မှု မှတ်တိုင်အသစ် Myancopharm ဆောင်းပါးတွင် ဖော်ပြထားသည်။

ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်မှု လုပ်ငန်းစီမံချက်ဇယားတွင် လုပ်ငန်းအဆင့်ပေါင်း ၁၃ အဆင့် ရှိပြီး  တရုတ်နိုင်ငံမှ ပညာရှင်များ၏ အနီးကပ်ကြီးကြပ်မှုနှင့်အတူ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထုတ်လုပ်မှု ပုလင်းသွင်း ဖြည့်တင်းရန်အဆင့် ကာကွယ်ဆေး RTF Bulk ဝယ်ယူ၍ ပုလင်းသွင်းဖြည့်တင်ခြင်း၊ Fill/Finish ဆောင်ရွက်သည်ဟုဆိုသော်လည်း နိုင်ငံတိုင်း ဆောင်ရွက်နိုင်ခြင်းမရှိဘဲ အာဆီယံဒေသတွင်း၌ပင် ထိုင်း၊ အင်ဒိုနီရှား၊ မလေးရှားနိုင် နှင့် ဗီယက်နမ်နိုင်ငံတို့၌သာ Fill/Finish ဆောင်ရွက်နိုင်ကြောင်း သိရသည်။

ရေရှည်စီမံကိန်းအနေဖြင့် ကိုဗစ်ရောဂါ ကာကွယ်ဆေးအား ထုတ်လုပ်နိုင်ရေးအတွက် ထိုင်း၊ အင်ဒိုနီရှား၊ ဗီယက်နမ်၊စင်ကာပူနှင့် မလေးရှားနိုင်ငံတို့အနေဖြင့် ဆောင်ရွက်နေဆဲဖြစ်ပြီး လက်ရှိအထိ သုတေသနပြုစမ်းသပ်ဆဲအဆင့်သာရှိကြောင်း သိရသည်။ 

ကာကွယ်ဆေးအား Fill/Finish အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကာကွယ်ဆေးထုတ်လုပ်မှုနည်းပညာများကို လွဲှပြောင်းပေးပြီး တရုတ်နိုင်ငံမှပညာရှင် နှစ်ဦးက မြန်မာနိုင်ငံသို့ လာရောက်ကာ ကာကွယ်ဆေးထုတ်လုပ်မှုနည်းပညာများကို သင်ကြားလေ့ကျင့်ပေးခြင်း ထုတ်လုပ်မှုကို ကြီးကြပ်ကွပ်ကဲခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း ယင်းဆောင်းပါးတွင် ဖော်ပြချက်အရ သိရသည်။ 

မြန်မာနိုင်ငံတွင် ကာကွယ်ဆေး Myancopharm အရေအတွက်  ၁၀ သန်း ထုတ်လုပ်ရန် ဆောင်ရွက်လျက်ရှိပြီး ဧပြီမှစ၍ ကျန်းမာရေးဝန်ကြီးဌာနသို့ ဖြန့်ဖြူးပေးရန် ညှိနှိုင်းထားကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။ 

Myancopharm ကိုဗစ်ကာကွယ်ဆေးအား စီးပွားဖြစ်ထုတ်လုပ်ခြင်းကို ၂၀၂၂ ခုနှစ် မတ် ၁၀ ရက် တွင် ဆောင်ရွက်ခဲ့ပြီး ၂၀၂၁-၂၀ ၂၂ ဘဏ္ဍာနှစ်နှင့်၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တို့တွင်အရေအတွက် ၁၀ သန်းထုတ်လုပ်ရန် ဆောင်ရွက်လျက်ရှိပြီး စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သော ကာကွယ်ဆေးများကို ဧပြီမှ စတင်၍ကျန်းမာရေးဝန်ကြီးဌာနသို့ ဖြန့်ဖြူးပေးရန် ညှိနှိုင်းထားသည်။ 

ထို့ပြင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထုတ်လုပ်မှုကို ရေတိုအစီအစဉ်အနေဖြင့် တရုတ်နိုင်ငံ Sinopharm နှင့် ပူးပေါင်း၍ ပုလင်းသွင်းဖြည့်တင်းရန် အဆင့် ကာကွယ်ဆေး (RTF Bulk) ဝယ်ယူ၍ ပုလင်းသွင်းဖြည့်တင်းခြင်း (Fill/Finish) ဆောင်ရွက်ခြင်းကို ဆေးဝါးစက်ရုံ(ရွာသာကြီး)တွင် ၂၀၂၂ ခုနှစ် မတ် ၁ ရက်၊ မတ် ၃ ရက်နှင့် မတ် ၅ ရက်များတွင် ဆောင် ရွက်ခဲ့ကြောင်း သိရသည်။ 

လက်ရှိတွင် စမ်းသပ်ထုတ်လုပ်မှု အောင်မြင်ပြီးဖြစ်သည့်အတွက် မတ် ၂၃ ရက်တွင် ကိုဗစ်ရောဂါ ကာကွယ်ဆေး Myancopharm စတင် ထုတ်လုပ်ခြင်းနှင့်မိတ်ဆက်ခြင်း အခမ်းအနားကိုဆောင်ရွက်မည်ဖြစ်ပြီး Myancopharm တစ်ပုလင်းလျှင် လူငါးဦး ထိုးနှံနိုင်မည်ဖြစ်ကြောင်း သိရသည်။

■ ကိုဗစ်စတုတ္ထလှိုင်းနှင့် ဖြစ်ပွားမှု အခြေအနေ

မြန်မာနိုင်ငံ၏ ကိုဗစ်စတုတ္ထလှိုင်းတွင် ရောဂါဖြစ်ပွားမှုမှာ ၁၀ ရာခိုင်နှုန်းကျော်အထိသာ ဖြစ်ပွားခဲ့ပြီး မတ် ၁၈ ရက်တွင် ပိုးတွေ့ရှိမှု သုံးရာခိုင်နှုန်းဝန်းကျင်အထိ ပြန်လည် လျော့ကျခဲ့သည်။ 

လက်ရှိ ပြည်တွင်းကူးစက်မှုများအနက် အိုမီခရွန်ရောဂါပိုးနှင့် ဒယ်လ်တာရောဂါပိုးတို့က ကူးစက် ပျံ့နှံလျက်ရှိသည်။

ထို့ပြင် COVID-19 ရောဂါပိုး တွေ့ရှိသူများ၏ဓာတ်ခွဲနမူနာများအနက် COVID-19 မျိုးရိုးဗီဇပြောင်း ရောဂါပိုးတွေ့ရှိနိုင်သည့် သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာ ၃၁ ခုအား COVID-19 ရောဂါမျိုးဗီဇ စစ်ဆေးခြင်းကို တပ်မတော် ဆေးသုတေသနတပ်တွင် ၂၀၂၂ ခုနှစ် မတ် ၁၅ ရက်က ဆောင်ရွက်ခဲ့ရာ ဗီဇပြောင်း အိုမီခရွန် ရောဂါပိုး BA.2 ကို ဓာတ်ခွဲနမူနာ ၃၁ ခုတွင် တွေ့ရှိရကြောင်း သိရသည်။ 

အဆိုပါ အိုမီခရွန်ရောဂါပိုး BA.2 လူနာများအား သီးသန့်ထားရှိကာ ကုသစောင့်ရှောက်မှုဆောင်ရွက်ထားရှိပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတကာ လေ့လာတွေ့ရှိချက်များအရ အိုမီခရွန် မျိုးဗီဇပြောင်းရောဂါပိုး BA.2 သည် အိုမီခရွန်မျိုးဗီဇပြောင်း BA.1 ထက် ကူးစက်မှု ပိုမြန်ဆန်သော်လည်း COVID-19 ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးသူများတွင် ရောဂါလက္ခဏာပြင်းထန်မှုနှင့် သေဆုံးမှုတို့ လျော့နည်းကြောင်း တွေ့ရှိ ရသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတကာတွင် ကိုဗစ်မျိုးကွဲများ၏ အန္တရာယ်ကို ရင်ဆိုင်နေရဆဲဖြစ်ပြီး ကိုဗစ်ရောဂါသည် အပြီးတိုင် ပျောက်ကွယ်မသွားနိုင်ခြင်းကြောင့် ကိုဗစ်နှင့်အတူယှဉ်တွဲနေထိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံမှုကို ဆောင်ရွက်နေကြဆဲ ဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း ကိုဗစ်နှင့်အတူ  ယှဉ်တွဲနေထိုင်ရေးအတွက် အဓိကလိုအပ်ချက်မှာ ကာကွယ်ဆေး ထိုးနှံမှုဖြစ်သည့်အပြင် ကာကွယ်ဆေးလွှမ်းခြုံမှုရှိစေရေးနှင့် ကာကွယ်ဆေးအလုံအလောက်ရရှိရေးက ပြည်သူလူထု၏အနာဂတ် ကာလများအတွက် အဓိကအချက်ပင် ဖြစ်သည်။

 

Most Read

Most Recent