သြစတြေးလျ၏ အရှေ့ဘက်ကမ်းခြေတွင် ရေလွှမ်းမိုးမှုများ ကြောက်ခမန်းလိလိဖြစ်ပေါ်လျက်ရှိပြီး စစ်ရဟတ်ယာဉ်များက ရေဘေးသင့်ဒေသများရှိ အိမ်ခေါင်မိုးများပေါ်တွင် သောင်တင်နေသူများကို လိုက်လံကယ်တင်နေရသည်။
ရေလွှမ်းမိုးခံရသည့် အဆောက်အအုံတစ်ခုအတွင်း အသက် ၈၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးကို သေဆုံးလျက်တွေ့ရှိခဲ့ပြီးနောက် သေဆုံးသူ ၁၀ ဦးအထိ မြင့်တက်လာကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
ပြီးခဲ့သည့် သီတင်းပတ်နှောင်းပိုင်းတွင် စတင်ဖြစ်ပွားခဲ့သော အကြီးအကျယ်ရေလွှမ်းမိုးမှုများကြောင့် ကွင်းစ်လန်းနှင့် နယူးဆောက်ဝေးစ်ပြည်နယ်ရှိ မြို့များနှင့် တံတားများ ရေဖုံးလွှမ်းခံခဲ့ရကာ ဆစ်ဒနီမြို့တွင်လည်း မိုးသည်းထန်မှုနှင့် ရုတ်တရက်ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းထားသည်။
“အလွန်သက်ရောက်မှုကြီးမားတဲ့ ရာသီဥတု အခြေအနေကို ဆစ်ဒနီရဲ့ အလယ်ပိုင်း ကမ်းခြေဒေသမှာပါ ကြုံတွေ့ရတော့မှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
သြစတြေးလျ၏အကြီးဆုံးမြို့ဖြစ်ကာ လူဦးရေငါးသန်းကျော်နေထိုင်သည့် ဆစ်ဒနီမြို့၌ ဒေသစံတော်ချိန် မတ်လ ၁ ရက် မွန်းလွဲပိုင်းတွင် ခြောက်နာရီအတွင်း မိုးရေချိန် ၁၅၀ မီလီမီတာအထိ ရွာသွန်းဖွယ်ရှိကြောင်း မိုးလေဝသဌာနက ခန့်မှန်းထုတ်ပြန်ထားသည်။
နယူးဆောက်ဝေးစ်ပြည်နယ်ဝန်ကြီးချုပ် ဒေါမနစ်ပါရော့တက်ကလည်း ဆိုးရွားပြင်းထန်သော ရာသီဥတုအခြေအနေသည် နှစ်တစ်ထောင်တွင် တစ်ကြိမ်သာ ကြုံတွေ့ရသည့် ရာသီဥတု ဖြစ်စဉ်မျိုးဖြစ်သည်ဟု ပြောကြားခဲ့သည်။ ထို့အပြင်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များသည် အကူအညီတောင်းခံမှုပေါင်း ၆၀၀၀ ခန့်လက်ခံရရှိခဲ့ပြီး ပြည်နယ်အတွင်း ကယ်ဆယ်ရေး လုပ်ဆောင်မှုပေါင်း ၁၀၀၀ ကျော်ပြုလုပ်ခဲ့ပြီး ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
နယူးဆောက်ဝေးစ်ပြည်နယ်မြောက်ပိုင်း၊ လစ်စ်မိုးမြို့ရှိ နေအိမ်များအတွင်း ပိတ်မိနေသူရာနှင့်ချီ ရှိနေဆဲဖြစ်ကာ စံချိန်တင်အဆိုးရွားဆုံး ရေလွှမ်းမိုးမှုများနှင့် ရင်ဆိုင်နေရပြီး လူအချို့သည်လည်း အိမ်ခေါင်မိုးများပေါ်တွင် တစ်ညလုံး နေထိုင်ခဲ့ရသည်ဟု သိရသည်။
လတ်တလောတွင် လူကိုးဦးပျောက်ဆုံးလျက်ရှိပြီး ကယ်ဆယ်ရေးလုပ်ဆောင်မှုအကြိမ်ရေ ၄၀၀ ကျော်ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းမြို့၏မြို့တော်ဝန်ဖြစ်သူ စတိဗ်ခရိက Channel Seven ရုပ်သံသို့ ပြောကြားခဲ့သည်။
ညအချိန် တံတားတစ်စင်းပေါ်တွင် ပိတ်မိနေသူ ၅၀ ခန့်ကို ကယ်တင်ခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။
သြစတြေးလျ အရှေ့ဘက်ကမ်းခြေသည် မိုးရွာသွန်းမှု ပိုမိုမြင့်မားလေ့ရှိသည့် လာနီညာရာသီဥတုနှင့် နှစ်နှစ်ဆက်တိုက် ကြုံတွေ့နေရသည်။ သြစတြေးလျ၏ တတိယအကြီးဆုံးမြို့ဖြစ်သည့် ဘရစ်စ်ဘိန်း မြို့တွင်လည်း လွန်ခဲ့သည့်သုံးရက်အတွင်း တစ်နှစ်တာ မိုးရေချိန်၏ ၈၀ ရာခိုင်နှုန်းခန့် ရွာသွန်းခဲ့သည်ဟု ကွင်းစ်လန်းပြည်နယ်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုများကြောင့် သြစတြေးလျသည် မိုးခေါင်မှု၊ တောမီးများအကြီးအကျယ် လောင်ကျွမ်းမှု၊ မဟာသန္တာကျောက်တန်းအရောင်ကျွတ်မှုနှင့် ကြုံတွေ့ရလျက်ရှိကာ ရေလွှမ်းမိုးမှုများသည်လည်း ပိုမိုဆိုးရွားလာခဲ့သည်ဟု သိရသည်။














