ပြည်ပမှ စားသုံးဆီတင်သွင်းမှုကို မူဝါဒအရလျှော့ချပြီး အကန့်အသတ်ဖြင့် တင်သွင်းခြင်းအစီအစဉ်ကို လက်ရှိ Mini Budget မှစတင်၍ အကောင်အထည်ဖော်လျက်ရှိဟုဆို

ပြည်ပမှ စားသုံးဆီတင်သွင်းမှုကို မူဝါဒအရလျှော့ချပြီး အကန့်အသတ်ဖြင့် တင်သွင်းခြင်းအစီအစဉ်ကို လက်ရှိ Mini Budget မှစတင်၍ အကောင်အထည်ဖော်လျက်ရှိဟုဆို
လှိုင်သာယာမြို့နယ်အတွင်းရှိ စျေးတစ်ခုတွင် စားသုံးဆီရောင်းချနေမှုကို တွေ့ရစဉ်
လှိုင်သာယာမြို့နယ်အတွင်းရှိ စျေးတစ်ခုတွင် စားသုံးဆီရောင်းချနေမှုကို တွေ့ရစဉ်
Published 23 February 2022

ပြည်ပမှ စားသုံးဆီတင်သွင်းမှုကို မူဝါဒအရ လျှော့ချပြီး အကန့်အသတ်ဖြင့် တင်သွင်းခြင်းအစီအစဉ်ကို လက်ရှိ Mini Budget မှစတင်၍ အကောင်အထည်ဖော်လျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောကြားသည်။

ပြည်ပမှ စားအုန်းဆီးများအား တင်သွင်း၍ မြန်မာနိုင်ငံအတွင်းရှိ စျေးကွက်များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိသော စားသုံးဆီများ၏ အရည်အသွေးစျေးနှုန်းကိစ္စရပ်များနှင့် ပတ်သက်သော ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၂ ရက်က ကျင်းပခဲ့ရာတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက  ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်တွင်း၌ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေး၊ ပြည်တွင်း၌ထုတ်လုပ်သည့် စားသုံးဆီများ စျေးကွက်ဝေစုပိုမိုရရှိလာရေး၊ ဆီစက်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဆီထွက်သီးနှံကဏ္ဍမှ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာစေရေးနှင့် ဆီထွက်သီးနှံကဏ္ဍတစ်လျှောက် ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် ပြည်ပမှစားသုံးဆီတင်သွင်းမှုကို မူဝါဒအရ လျှော့ချပြီး အကန့်အသတ်ဖြင့် တင်သွင်းခြင်းအစီအစဉ်ကို လက်ရှိ Mini Budget မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း  ၎င်းက ဆိုသည်။

ထို့ပြင် စားသုံးဆီတင်သွင်းသူများလည်း နစ်နာမှုမရှိစေရေး စားသုံးသူပြည်သူများအတွက် ထိခိုက်မှုမရှိစေရေးအတွက် ဗဟိုဘဏ်မှ ရောင်းချပေးသော ဒေါ်လာစျေးဖြင့် သက်သာသော စျေးနှုန်းတွက်ချက်၍ စီစဉ်ဆောင်ရွက်ပေးခဲ့သည်မှာ ငါးလရှိပြီဖြစ်ကြောင်း၊ တင်သွင်းဖြန့်ဖြူးသူများအနေဖြင့် အရောင်းအဝယ်သဘောအရ အမြတ်ရရှိရေးကိုသာ အဓိကမဟုတ်ဘဲ စားသုံးသူပြည်သူများအနေဖြင့် အဆင်ပြေမှုရှိစေရန် ဦးစားပေးဆောင်ရွက်ခြင်းဖြစ်ကြောင်း၊  ယခုကာလတွင် ကမ္ဘာ့စားသုံးဆီစျေးကွက်တွင် စျေးနှုန်းများ မြင့်တက်လျက်ရှိသည့်အတွက် ပြည်တွင်းစျေးကွက်ကို ရိုက်ခတ်လျက်ရှိကြောင်း၊ ကမ္ဘာ့စျေးနှုန်းအနေဖြင့် ယခုနှစ်ဇန်နဝါရီလအတွင်း စားသုံးဆီတစ်တန်လျှင် ပျမ်းမျှ ၁၄၀၇ ဒေါ်လာရှိပြီး ဖေဖော်ဝါရီလပထမပတ်အတွင်း ပျမ်းမျှအားဖြင့် ဒေါ်လာ ၁၅၅၀ မှ ယခုအပတ်အတွင်း ပျမ်းမျှအားဖြင့် ဒေါ်လာ ၁၆၄၀ ခန့်အထိ မြင့်တက်လာကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

စားသုံးဆီတင်သွင်းမှုအနေဖြင့် ကာလတူနှိုင်းယှဉ်ချက်အရ ယခင်နှစ်တွင် တန်ချိန် ၃ ဒသမ ၁ သိန်းကျော်ခန့် တင်သွင်းခဲ့ပြီး ယခုနှစ်တွင် ၂ ဒသမ ၃ သိန်းခန့်သာ တင်သွင်းခဲ့သည့်အတွက် ရာခိုင်နှုန်းအားဖြင့်  ရာခိုင်နှုန်း ၃၀ အထိ လျှော့ချဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် ပြည်တွင်းစားသုံးဆီစျေးနှုန်းတည်ငြိမ်စေရေးနှင့် သင့်တင့်သည့်စျေးနှုန်းများ ဖြစ်ပေါ်စေရေးအတွက် စောင့်ကြည့်ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

 

 

 

                  

Most Read

Most Recent