၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် (Mini Budget) ဇန်နဝါရီလကုန်အထိ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅ ဒသမ ၀၄၃ သန်း ဝင်ရောက်မြှုပ်နှံထား

၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် (Mini Budget) ဇန်နဝါရီလကုန်အထိ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅ ဒသမ ၀၄၃ သန်း ဝင်ရောက်မြှုပ်နှံထား
တောင်သူများ၏ စပါးစိုက်ပျိုးရေးလုပ်ငန်းခွင်တစ်ခုကိုတွေ့ရစဉ်
တောင်သူများ၏ စပါးစိုက်ပျိုးရေးလုပ်ငန်းခွင်တစ်ခုကိုတွေ့ရစဉ်
Published 23 February 2022

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) ဇန်နဝါရီလကုန်အထိ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၅ ဒသမ ၀၄၃ သန်း ဝင်ရောက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ကုန်အထိ မြန်မာနိုင်ငံ၏လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုမှာ စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ တစ်ရာခိုင်နှုန်းအောက်သာရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။

“မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်နေတဲ့ကဏ္ဍများအနက် လယ်ယာစိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးရေးနဲ့ ရေလုပ်ငန်းကဏ္ဍတွေမှာ  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုက နှစ်အလိုက် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုရဲ့ နှစ်ရာခိုင်နှုန်းအောက် ရောက်ရှိနေတာကို ကျွန်တော်တို့ဌာနရဲ့စာရင်းဇယားများအရ သိရပါတယ်။ ဒါကြောင့်နိုင်ငံရဲ့အရေးပါတဲ့ ကဏ္ဍဖြစ်တဲ့ စိုက်ပျိုးမွေးမြူရေးကဏ္ဍကို ရေရှည်ဖွံ့ဖြိုးတိုးတက်မှုဖြစ်ပေါ်စေရေး နည်းလမ်းများ ရှာဖွေပြုပြင်ပြောင်းလဲပြုလုပ်ခြင်းဖြင့်  ၎င်းကဏ္ဍတွေအတွက် ပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားထားသည်။  

မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် နှစ်အလိုက်ရင်းနှီးမြှုပ်နှံမှုဝင်ရောက်ခဲ့သည့် အခြေအနေကိုလေ့လာကြည့်ပါက ၂၀၁၈ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၁၀ ဒသမ ၆၅၀ သန်းသာရှိသည်။

၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်အတွင်းက လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ဒေါ်လာ ၁၃၄ ဒသမ ၄၈၅ သန်းဝင်ရောက်ခဲ့သော်လည်း  ၂၀၁၆-၂၀၁ရဘဏ္ဍာတွင်မူ လယ်ယာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု မဝင်ရောက်ခဲ့ပေ။

၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၇ ဒသမ ၁သန်းကျော်၊ ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၃၉ ဒသမ ၆၆ သန်းကျော်၊၂၀၁၃-၂၀၁၄ဘဏ္ဍာနှစ်တွင် ဒေါ်လာ၂၀ ဒသမ ၂သန်းကျော်၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၉ ဒသမ ၆ သန်းကျော်ဝင်ရောက်ခဲ့ပြီး၂၀၁၁-၂၀၁၂ဘဏ္ဍာနှစ်တွင်မူ ရင်းနှီးမြှုပ်နှံမှုဝင်ရောက်ခြင်းမရှိခဲ့ပေ။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၈ ခုနှစ် စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစုစုပေါင်း ဒေါ်လာ ၇၇ ဒသမ ၇ ဘီလျံကျော်အထိ ဝင်ရောက်ခဲ့ပြီး လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းဒေါ်လာ ၃၉၅ သန်း ကျော်ဝင်ရောက်ခဲ့ပြီး စုစုပေါင်းဝင်ရောက်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ၏  ဝဒသမ၅၁ရာခိုင်နှုန်းသာ ရှိခဲ့သည်။

“မြန်မာနိုင်ငံဟာ စိုက်ပျိုးမွေးမြူရေးကို အခြေခံတဲ့နိုင်ငံဖြစ်တဲ့အားလျော်စွာ  စိုက်ပျိုးရေးအခြေခံစီးပွားရေးစနစ်ကို ရောက်ရှိစေနိုင်ဖို့အတွက် စိုက်ပျိုးရေးကုန်ထုတ်စွမ်းအားနဲ့ အရည်အသွေးတိုးတက်မှုရှိစေရေး အရေးတကြီးလိုအပ်နေတာ အားလုံးအသိပဲဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံ၏လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄၄၁ ဒသမ ၈၃၈ သန်းသာဝင်ရောက်ထားသည်။ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ဒေါ်လာ ၉၂၆ ဒသမ ၂၁၈ သန်းဝင်ရောက်ထားသည်။

မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးအခြေခံစီးပွားရေးစနစ်ကို ရောက်ရှိနိုင်ရန် စိုက်ပျိုးရေးကုန်ထုတ်စွမ်းအားနှင့် အရည်အသွေးတိုးတက်မှုရှိစေရေး အရေးတကြီးလိုအပ်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

Most Read

Most Recent