မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတွင် လေးလကျော်အတွင်း စစ်တွေ၊ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခုမှ ပို့ကုန်တင်ပို့မှု ဒေါ်လာ ၁၅ ဒသမ ၇၈၅ သန်းရှိ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတွင် လေးလကျော်အတွင်း စစ်တွေ၊ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခုမှ ပို့ကုန်တင်ပို့မှု ဒေါ်လာ ၁၅ ဒသမ ၇၈၅ သန်းရှိ
မောင်တောနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်နေရာကိုတွေ့ရစဉ်။
မောင်တောနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်နေရာကိုတွေ့ရစဉ်။
Published 23 February 2022

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတွင် လေးလကျော်အတွင်း စစ်တွေ၊ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခုမှ ပို့ကုန်တင်ပို့မှုတန်ဖိုးဒေါ်လာ ၁၅ ဒသမ ၇၈၅ သန်းရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) အောက်တိုဘာ ၁ ရက်မှ ဖေဖော်ဝါရီ ၁၁ ရက်အထိ လေးလကျော်အတွင်း စစ်တွေနယ်စပ်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၈ ဒသမ ၃၉၃ သန်း၊ သွင်းကုန်ဒေါ်လာ ၀  ဒသမ ၀၂၅ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၈ ဒသမ ၄၁၈ သန်းရရှိခဲ့သည်။ မောင်တောနယ်စပ်မှ ပို့ကုန်ဒေါ်လာ ၇ ဒသမ ၃၉၂ သန်း၊ သွင်းကုန်ဒေါ်လာ ၀ ဒသမ ၀၅၁ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၇ ဒသမ ၄၄၃ သန်းရရှိခဲ့သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်ကုန်သွယ်မှုလုပ်ငန်းများ ပုံမှန်လည်ပတ်လျက်ရှိရာ သွင်းကုန်များ အလွန်နည်းပါးခဲ့ပြီး ပို့ကုန်အသာစီးရ တင်ပို့နိုင်ခဲ့သည်ဟု သိရသည်။

မြန်မာဖက်မှ ပို့ကုန်များအား ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၆ မှ စတင်တင်ပို့ခဲ့ပြီး ဒီဇင်ဘာ ၁၇ ရက်အထိ ကုန်သွယ်မှုစာရင်းများအရ စစ်တွေနှင့် မောင်တောစခန်းနှစ်ခုမှ ပို့ကုန်ဒေါ်လာ ၈ ဒသမ ၄၇၈ သန်းနှင့် သွင်းကုန်ဒေါ်လာ ၀ ဒသမ ၀၃၈ သန်းကုန်သွယ်မှု ပြုလုပ်ခဲ့သည်။

တင်ပို့ကုန်များထဲတွင် ရေထွက်ကုန်တန်ဖိုးဒေါ်လာ ၅ ဒသမ ၀၀၁ သန်း တင်ပို့နိုင်ခဲ့ကြောင်းနှင့် ရေချိုငါး(ငါးမြစ်ချင်း)အများဆုံး တင်ပို့ခဲ့ပြီး ရခိုင်ဒေသထွက် ငါးမုတ်မဲ၊ ငါးနီတူခြောက်၊ ငါးနှပ်ခြောက်နှင့် ငါးစုံကလေးခြောက်တို့ကို တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

 

ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ ကုန်သွယ်မှု ပြန်လည်စတင်သည့် အောက်တိုဘာ ၁၆ မှ နိုဝင်ဘာ ၃ ရက်အထိ နှစ်ပတ်အတွင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁ ဒသမ ၃၆ သန်းရှိကာ ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၁ ဒသမ ၃၅ သန်းကျော်ရရှိခဲ့ကြောင်း ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။

ရွှေမင်းဂံဆိပ်ကမ်းမှ နှစ်ပတ်အတွင်း ကုန်သွယ်မှုတန်ဖိုး ၁၃၅၆၇၆၁ ဒေါ်လာ (၁ ဒသမ ၃၆ သန်း) ရရှိခဲ့ပြီး ပို့ကုန်တင်ပို့မှုမှ ၁၃၅၃၂၆၁ ဒေါ်လာ (၁ ဒသမ ၃၅ သန်းကျော်)နှင့် သွင်းကုန်တင်သွင်းမှုမှ ဒေါ်လာ ၃၅၀၀ ရှိခဲ့သည်။

တင်ပို့ကုန်ပစ္စည်းအများစုမှာ ရေချိုငါး၊ ငါးခြောက်၊ ကြက်သွန်နီ၊ ဂျင်းစိမ်း၊ ဇီးယိုမျိုးစုံ၊ မကျည်းသီး၊ မကျည်းစေ့တို့ဖြစ်ကြောင်း  ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်  စစ်တွေရွှေမင်းဂံဆိပ်ကမ်းနှင့် မောင်တောကညင်ချောင်း ကုန်သွယ်ရေးဆိပ်ကမ်းတို့ကို COVID-19 တတိယလှိုင်းကြောင့် ၂၀၂၁ ခုနှစ် ဇူလိုင် ၁၅ ရက်မှစ၍ ပိတ်ထားခဲ့ရာမှ  လက်ရှိအချိန်တွင် ပြန်လည်ဖွင့်လှစ်ထားပြီဖြစ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှု ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent