မြိတ်ကျွန်းစုအတွင်း ခရီးသွားဝင်ရောက်မှု အလွန်နည်းပါးလာသည့်အတွက် ခရီးသွားလာရေးလုပ်ငန်းတချို့ ရပ်တန့်ရမည့် အနေအထား ဖြစ်လာဟု ဆို

မြိတ်ကျွန်းစုအတွင်း ခရီးသွားဝင်ရောက်မှု အလွန်နည်းပါးလာသည့်အတွက် ခရီးသွားလာရေးလုပ်ငန်းတချို့ ရပ်တန့်ရမည့် အနေအထား ဖြစ်လာဟု ဆို
ခရီးသွားများ လာရောက်လည်ပတ်လေ့ရှိသည့် မြိတ်ကျွန်းစုအတွင်းရှိ ကျွန်းတစ်ကျွန်းကို တွေ့ရစဉ်
ခရီးသွားများ လာရောက်လည်ပတ်လေ့ရှိသည့် မြိတ်ကျွန်းစုအတွင်းရှိ ကျွန်းတစ်ကျွန်းကို တွေ့ရစဉ်
Published 22 February 2022
ဇော်မိုးဦး (မြိတ်)

မြိတ်ကျွန်းစုအတွင်း ခရီးသွားဝင်ရောက်မှု အလွန်နည်းလာသည့်အတွက် ခရီးသွားလုပ်ငန်းချို့ ရပ်တန့်ရမည့်အနေအထား ဖြစ်လာနေကြောင်း သိရသည်။

ကိုဗစ်ရောဂါအခြေအနေများနှင့် နိုင်ငံရေးအခြေအနေများကြောင့် ကျဆင်းခဲ့ရသည့် ခရီးသွားလုပ်ငန်းမှာ ပြီးခဲ့သည့်တစ်လကျော်က အနည်းငယ် ပြန်လည်စည်ကားလာသော်လည်း ရောဂါအနေအထား တစ်ကျော့ပြန်ဖြစ်လာခြင်းနှင့် လမ်းခရီးလုံခြုံရေးအနေအထားများကြောင့် ခရီးသွားများ ပြန်လည်ကျဆင်းသွားခြင်းဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များက ပြောကြားသည်။

“ပြီးခဲ့တဲ့တစ်လကျော်လောက်က တစ်ပတ်မှာ တစ်ရက်လောက်တော့ ကျွန်းခရီးစဉ်တွေ ပြေးဆွဲနိုင်တယ်။ ရုံးပိတ်ရက်တချို့ဆိုရင် ညအိပ်ခရီးတွေအထိ ပြေးဆွဲလို့ ရလာတယ်။ ခရီးသည်တွေကို စုပြီး တစ်ပတ်ကို တစ်ကြိမ် ကျွန်းတွေကို ပို့ပေးဖြစ်တယ်။ အခုတော့ ခရီးသည်တွေ မရှိသလောက်နည်းသွားပြီ။ ကားလမ်းတွေကလည်း လုံခြုံရေး အနေအထားကြောင့် မိသားစုအလိုက် ခရီးသွားတာတွေ မရှိတော့ဘူး။ လေယာဉ်ခရီးကလည်း ရောဂါအခြေအနေတွေကြောင့် အရေးကြီးကိစ္စရှိတဲ့သူတွေပဲ သွားကြတော့တယ်။ အပန်းဖြေခရီးစဉ် လာတဲ့သူတွေ မရှိတော့ဘူး” ဟု မြိတ်ကျွန်းစုအတွင်း ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုပေးနေသူတစ်ဦးက ပြောကြားသည်။

မြိတ်ခရိုင်အတွင်း ယခင်က ခရီးသွားကုမ္ပဏီ ၃၀ ကျော်ရှိသော်လည်း ယခုအခါ ၁၀ ပင် မပြည့်တော့ကြောင်း၊ ကုမ္ပဏီ ၂၀ ကျော်မှာ လုပ်ငန်းရပ်နားထားရကြောင်း သိရသည်။

“တကယ်တန်း တိတိကျကျပြောရရင် ကုမ္ပဏီရှစ်ခုလောက်ပဲ ကျန်တော့တယ်။ ဒါကလည်း ခရီးသွားသီးသန့်ပို့နေရလို့ ရပ်တည်နေရတာမဟုတ်ဘဲ ကျေးရွာတွေကို သာရေး/နာရေးကိစ္စ အရေးတကြီးသွားစရာရှိရင် ဘုတ်တွေ ငှားသွားတာမျိုး၊ ပင်လယ်စာတွေ သယ်ယူဖို့ အမြန်လိုရင် ဘုတ်လာငှားတာမျိုးတွေကြောင့် တောင့်ခံထားတဲ့ကုမ္ပဏီတွေပါ။ ခရီးသွားလုပ်ငန်းက ရပ်တည်ဖို့ မလွယ်တော့ဘူး။ နိုင်ငံရေးနဲ့ ကပ်ရောဂါအနေအထားက ခရီးသွားလုပ်ငန်းတွေကို ရပ်တန့်သွားစေတာပါ” ဟု ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ဆက်လက်ပြောကြားသည်။

မြိတ်ခရိုင်ဘက်တွင် ခရီးသွားလုပ်ငန်းများ ကျဆင်းသွားသလို ကော့သောင်းဘက်တွင်လည်း ခရီးသည်ဝင်ရောက်မှု အလွန်ကျဆင်းသွားကြောင်း ခရီးသွားဝန်ဆောင်မှုပေးနေသူများထံမှ သိရသည်။

“မြိတ်မှာထက်စာရင် အနည်းငယ်တော့ ရှိသေးတယ်။ ဒါပေမဲ့ ကော့သောင်းမှာလည်း သိသိသာသာကျဆင်းသွားပြီ” ဟု ခရီးစဉ်ချိတ်ဆက်ပေးနေသူတစ်ဦးက ဆိုသည်။

လွန်ခဲ့သည့်နှစ်နှစ်ခန့်က ကျွန်းခရီးစဉ်များဖြင့် နာမည်ကျော်ကြားလာသည့် မြိတ်ကျွန်းစုခရီးသွားလုပ်ငန်းများမှာ တဖြည်းဖြည်း ကျဆင်းလာရာ ယခု ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရပ်တန့်သွားရသည့် ခရီးသွားကုမ္ပဏီ ပိုမိုများပြားလာပြီး ခရီးသည်များလည်း ဝင်ရောက်မှု မရှိသလောက်ဖြစ်နေသည့်အတွက် ဧည့်လမ်းညွှန်များလည်း အလုပ်လက်မဲ့ ဖြစ်နေရကြောင်း သိရသည်။

Most Read

Most Recent