ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီ TMH က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် စီးပွားရေးလုပ်ငန်းများမှ ကျပ် ၃၀၀၇ သန်းရရှိခဲ့ပြီး ယခင်နှစ်ထက် ဝင်ငွေ ၄၇ ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း ဖော်ပြ

ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီ TMH က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် စီးပွားရေးလုပ်ငန်းများမှ ကျပ် ၃၀၀၇ သန်းရရှိခဲ့ပြီး ယခင်နှစ်ထက် ဝင်ငွေ ၄၇ ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း ဖော်ပြ
ရန်ကုန်စတော့အိတ်ချိန်း၏အရောင်းအဝယ်ဖြစ်မှုအား စောင့်ကြည့်နေသူများကို တွေ့ရစဉ်
ရန်ကုန်စတော့အိတ်ချိန်း၏အရောင်းအဝယ်ဖြစ်မှုအား စောင့်ကြည့်နေသူများကို တွေ့ရစဉ်
Published 22 February 2022

ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီ TMH က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် စီးပွားရေးလုပ်ငန်းမှ ကျပ်သန်း ၃၀၀၇ ရရှိခဲ့ပြီး ယခင်နှစ်ထက်ဝင်ငွေ ၄၇ ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း TMH ၏ ၂၀၂၀-၂၀၂၁ နှစ်ပတ်လည်အစီရင်ခံစာတွင်  ဖော်ပြထားသည်။

TMH အနေဖြင့် အကျိုးအမြတ်ရနိုင်စွမ်းအပေါ် သက်ရောက်မှုရှိခဲ့သော ပြင်းထန်သည့် စျေးကွက်အခြေအနေများကို ရင်ဆိုင်ခဲ့ရကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် TMH ကုမ္ပဏီမှ ရရှိခဲ့သော ကျပ်သန်းပေါင်း ၅၆၂၉ နှင့်နှိုင်းယှဉ်လျှင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် စီးပွားရေးလုပ်ငန်းများမှ ကျပ်သန်း ၃၀၀၇ ရရှိခဲ့ပြီး ၄၇ ရာခိုင်နှုန်းလျော့နည်းခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်အတွင်း လုပ်ငန်းများမှ အမြတ်ရနိုင်စွမ်းနည်းပါးခဲ့မှုကြောင့် ကုမ္ပဏီသည် ကျပ်သန်းပေါင်း ၅၈၇ အရှုံးပေါ်ခဲ့သည်ဟုလည်း ဖော်ပြထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အကုန်တွင် ရရှိခဲ့သော ကျပ်သန်းပေါင်း ၄၂၃၉ နှင့် နှိုင်းယှဉ်လျှင် အသုံးစရိတ်များကို စနစ်တကျထိန်းချုပ်သုံးစွဲမှုကြောင့် TMH ၏ လုပ်ငန်းများကို ထောက်ပံ့နိုင်သည့်ငွေမှာ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်အကုန်တွင် ကျပ်သန်းပေါင်း ၄၄၄၀ အထိရှိခဲ့သည်ဟု သိရသည်။

စျေးကွက်အခြေအနေအရှုပ်အထွေးများစွာကြား၊ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာနှင့် ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း YSX တွင် စာရင်းဝင်ထားသောကုမ္ပဏီများ၏ ရှယ်ယာတန်ဖိုးများမှာ ပျမ်းမျှအားဖြင့်  ခုနစ်ရာခိုင်နှုန်းအထိ နစ်နာခဲ့သော်လည်း TMH ကုမ္ပဏီ၏ရှယ်ယာတန်ဖိုးမှာ နှစ်ရာခိုင်နှုန်းသာ ကျဆင်းခဲ့ကြောင်း၊ ထို့နည်းတူစွာ စီမံခန့်ခွဲမှုအဖွဲ့၏ အားထုတ်မှုကြောင့် ယခုအခါကုမ္ပဏီ၏လုပ်ငန်းများ လည်ပတ်နိုင်ရေးအတွက် ငွေကြေးများပိုမိုရရှိလျက်ရှိကြောင်း၊ ယခင်နှစ်တွင်ရှိခဲ့သော ကျပ်သန်းပေါင်း ၄၂၃၉ ဒသမ ၆၁ နှင့်နှိုင်းယှဉ်လျှင် ၂၀၂၁ ခုနှစ် စက်တင်ဘာလကုန်တွင် ကျပ်သန်းပေါင်း ၄၄၄၀ ဒသမ ၄၁ ရှိခဲ့ကြောင်း  TMH ၏ ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်လွင်က ပြောကြားခဲ့သည်။

နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများ စုပေါင်းသက်ရောက်မှုများနှင့် ရင်ဆိုင်နေရသောကြောင့် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းသည် ယခင်ကထက် စိန်ခေါ်မှု ပိုမိုများပြားလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

နိုင်ငံရေးနှင့် ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းများသည် ၎င်းတို့၏လုပ်ငန်း ဆောင်ရွက်မှုများအပေါ် သက်ရောက်လျက်ရှိပြီး အဆိုပါသက်ရောက်မှုများသည် ထောက်ပံ့ရေးဆိုင်ရာလမ်းကြောင်းများ နှောင့်နှေးစေမှုများရှိပြီး လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အစီအစဉ်များချမှတ်ရာတွင်လည်း ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးကို အဓိကဦးစားပေးဆောင်ရွက်ရသဖြင့် လုပ်ငန်းလည်ပတ်မှုများကို အစဉ်အမြဲပြင်ဆင်ညှိနှိုင်းခဲ့ရကြောင်း၊ ရလဒ်အနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ဝင်ငွေသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်နှင့်နှိုင်းယှဉ်လျှင် ၄၇ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း TMH ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးသီဟလွင်က ပြောကြားသည်။

ထိုသို့ကျဆင်းမှုရှိသော်လည်း TMH ကုမ္ပဏီ၏လုပ်ငန်းလည်ပတ်နိုင်စွမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်အတွက် အရေးမကြီးသော အသုံးစရိတ်များကို လျှော့ချနိုင်ရန်တင်းကြပ်သောစည်းကမ်းများ ချမှတ်အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ယင်းသို့ကြိုးုစားအားထုတ်ခဲ့သော်လည်း လွန်ခဲ့သောနှစ်က ကျပ်သန်းပေါင်း ၅၈၇ နစ်နာမှု ရှိခဲ့ရာ TMH ၏ အမြတ်ငွေရရှိနှုန်းအနေဖြင့် ၁၉ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

သို့သော်လည်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်နှင့်နှိုင်းယှဉ်လျှင် BTS စခန်းအခု ၂၀ ပို၍ ပြုပြင်ထိန်းသိမ်းနိုင်ခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင်း ဖိုက်ဘာဝန်ဆောင်မှုများအား အသုံးပြုသူအရေအတွက် ၄၇ ရာခိုင်နှုန်း တိုးတက်လာကြောင်းလည်း TMH ၏ ၂၀၂၀-၂၀၂၁ နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။

Most Read

Most Recent