မန္တလေးပဲစျေးကွက်တွင် ပဲကြီးများ နယ်ပေါင်းစုံမှဝင်ရောက်လာသဖြင့် တစ်ပတ်အတွင်း ကျောက်တွင်းပဲကြီး သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၈၀၀၀၀ ခန့် စျေးကျဆင်း

မန္တလေးပဲစျေးကွက်တွင် ပဲကြီးများ နယ်ပေါင်းစုံမှဝင်ရောက်လာသဖြင့် တစ်ပတ်အတွင်း ကျောက်တွင်းပဲကြီး သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၈၀၀၀၀ ခန့် စျေးကျဆင်း
မန္တလေးကုန်စည်ဒိုင်တစ်နေရာကို တွေ့ရစဉ်
မန္တလေးကုန်စည်ဒိုင်တစ်နေရာကို တွေ့ရစဉ်
Published 21 February 2022
မင်းလတ်

မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ ကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) စျေးကွက်၌ ပဲကြီးများနယ်ပေါင်းစုံမှ ဝင်ရောက်လာသဖြင့် ကျောက်တွင်းပဲကြီးပေါ်ခါစ တစ်ပတ်အတွင်း သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၈၀၀၀၀ ခန့် စျေးဆင်းနေကြောင်း မန္တလေးမြို့ ပဲကုန်သည်များထံမှ သိရသည်။

အဆိုပါ ပဲကြီးများသည် စစ်ကိုင်း၊ မြင်းမူ၊ မုံရွာ၊ မြောင်နယ်ဘက်များမှ မန္တလေးပဲစျေးကွက်သို့ ဝင်ရောက်နေပြီး ၎င်းနယ်ပေါင်းစုံမှ ဝင်ရောက်မှုကြောင့် စျေးကျခြင်း အဓိကအကြောင်းရင်းဖြစ်ကြောင်း၊ ကျောက်တွင်းပဲကြီး သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၇၀၀၀၀ စျေးကို တရုတ်ဝယ်လက်များက ဝယ်ယူမှုရှိသည်ဟု ကြားသိရကြောင်း မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ ကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။

“အခုရက်ပိုင်း ထူးထူးခြားခြား ပဲစျေးကျတာက ကျောက်တွင်းပဲကြီး ကျတယ်။ ကျောက်တွင်းပဲကြီးစပေါ်ခါစက စျေးက ၂၅၀၀၀၀ က စျေးစတင်ဖွင့်ခဲ့တယ်။ အခု ၁၇၀၀၀၀  ပဲ ရှိတော့တယ်။ သုံးတင်းဝင်တစ်အိတ်ကို ကျပ် ၈၀၀၀၀ လောက် စျေးကျသွားတယ်။ ကျောက်တွင်းပဲကြီး စျေးကွက်ထဲ ဝင်ရောက်လာတာ မကြာသေးဘူး။ ပဲကြီးက ပေါ်ခါစတစ်ပတ်လောက်အတွင်း စျေးကျသွားတာ။ အဓိက စျေးကျတဲ့အကြောင်းရင်းက ပဲကြီးက နယ်ပေါင်းစုံနေ ထွက်လာတော့ စျေးကျသွားတာ။ ကျန်တဲ့ ပဲကြီး အသေးအလတ်ဆို ၁၄၀၀၀၀ ကနေ ၁၅၀၀၀၀ စျေးရှိတယ်။ ပဲစင်းငုံအနီ ၁၂၄၅၀၀ စျေးနဲ့ ပုံမှန် အရောင်းအဝယ်ဖြစ်တယ်။ မတ်ပဲက ဒီနေ့  (ဖေဖော်ဝါရီ ၂၀) တနင်္ဂနွေနေ့ဆိုတော့ ရန်ကုန်ဒိုင်ပိတ်တော့ စျေးကို ၁၂၀၀၀၀ စျေး စစ်ဝယ်နေကြတယ်။ ကုလားပဲအုပ်စုပဲတွေလည်း စျေးနည်းနည်းကျတယ်။ V2 V7 ကုလားပဲ ၁၁၀၀၀၀ စျေး၊ ထိုင်ဝမ်ကုလားပဲ ၉၂၉ ကုလားပဲ ၁၀၈၀၀၀ စျေးရှိပြီး စျေးအေးတယ်။ ပဲတီစိမ်းအသေး ၁၁၀၀၀၀ စျေး၊ ပဲတီစိမ်းအကြီး ခွဲစ ၉၅၀၀၀ စျေးရှိပြီး စျေးအေးတယ်။ တခြားနယ်က ဝင်တဲ့ ပဲကြီးတွေဆို စျေးက ကျပ်၁၀၀၀၀၀ လောက်စျေး ကျတယ်။ မန္တလေးစျေးကွက်ထဲကို ပဲကြီးတွေက မုံရွာ၊ မြင်းမူ၊ မြောင်နယ်တွေကနေ စျေးကွက်ထဲ ဝင်ရောက်နေတယ်။ နယ်စုံဝင်လာလို့ စျေးကျသွားတယ်။ ဒါပေမဲ့ ဒီစျေး ၁၇၀၀၀၀ ဝန်းကျင်ကို တရုတ်လိုင်းက ကျောက်တွင်းပဲကြီး ဝယ်ယူနေတယ်လို့ ကြားသိရတယ်။ နှမ်းစျေးက စျေးအေးတယ်။ စမုန်နှမ်းအနက်က ထိပ်စ ၂၁၅၀၀၀ စျေး အမြင့်ဆုံးရှိတယ်။ နှမ်းဖြူ ၁၇၀၀၀၀ စျေး၊ နှမ်းညိုပစ္စည်းအဟောင်းက ၁၃၀၀၀၀ ကနေ ၁၄၀၀၀၀ စျေး၊ ပစ္စည်းကောင်းလို့ စိတ်တိုင်းကျတဲ့အသစ်ဆို ၁၄၀၀၀၀ ကနေ ၁၄၅၀၀၀ စျေးရှိတယ်။ နှမ်းအနက်က စျေး အေးတယ်။ နှမ်းအဖြူက စျေးမာတယ်။ စျေး အပြောင်းအလဲမရှိဘဲ ဒီစျေးတန်းက ငြိမ်နေ တာကြာပါပြီ။ မြေပဲဆန် S1 ထိပ်စတစ်ပိဿာ ၃၄၀၀ ရှိပြီး လိုအပ်တဲ့ မြေပဲဆန်ဆို ၃၀၀၀ စျေးရှိတယ်။ စျေးကွက်ထဲ ဆီဆန်တွေက အရောင်းအဝယ်ပိုဖြစ်တယ်။ ဆီသမားတွေ ပိုပြီး ဝယ်ယူနေတယ်” ဟု မန္တလေးကုန်စည်ဒိုင် ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။

မန္တလေးကုန်စည်ဒိုင်စျေးကွက်တွင် နှမ်း ဝင်ရောက်မှုနည်းနေပြီး တင်ပို့မှုလည်း နည်းကြောင်း၊ ပြောင်းဖူးစေ့မှာလည်း အဝင်ပါး၍ ရန်ကုန်ဝယ်လက် ပြည်တွင်းတိရစ္ဆာန် အစာတောင့်စက်ရုံများနှင့် တရုတ်သင်္ဘောတင်ဝယ်လက်များ ဝယ်ယူနေခြင်းကြောင့် စျေးနှုန်းမြင့်တက်လာကြောင်း၊ မြဝတီနယ်စပ်မှတစ်ဆင့် ပြောင်းများ ဆက်လက်တင်ပို့ကြောင်း၊ မြေပဲ ဖြူများ ရွှေဘို၊ မြောင်၊ မြင်းမူနယ်ဘက်မှ ဝင်ရောက်နေပြီး မန္တလေးအထက်ပိုင်း ဧရာဝတီကျွန်းမြေစိုက် မြေပဲဆန်များ အနည်းငယ်ဝင်ရောက်နေပြီး ဆီစက်သမားများက အဓိကဝယ်ယူကြောင်း၊ V2 ကုလားပဲများ ကျောက်ဆည်၊ ကူမဲ၊ မကွေး၊ သဲတောနယ်ဘက်မှ ဝင်ရောက်နေကြောင်း၊ ၉၂၉ ကုလားပဲမှာ  မုံရွာနယ်မှ ဝင်ရောက်ကြောင်း၊ ကုလားပဲများကို ပြည်တွင်းပဲခွဲစက်သမားများက ပုံမှန်ဝယ်ယူနေကြောင်း၊ ပဲတီစိမ်းလက်ကျန်နယ်များမှ ဝင်ရောက်မှုသည် အဝင်နည်းလာပြီး တရုတ်ဝယ်လက်နှင့် ရန်ကုန်ဝယ်လက်များက ဝယ်ယူနေကြောင်း သိရသည်။

Most Read

Most Recent