လာမည့်ငါးသားပေါက်ရာသီကို ဧပြီ၊ မေ၊ ဇွန်လများအစား မူလသတ်မှတ်ချက်ဖြစ်သည့် ဇွန်၊ ဇူလိုင်၊ သြဂုတ်လများကို သတ်မှတ်ပေးရန် တင်ပြထားဆဲဖြစ်ကြောင်း သိရ

လာမည့်ငါးသားပေါက်ရာသီကို ဧပြီ၊ မေ၊ ဇွန်လများအစား မူလသတ်မှတ်ချက်ဖြစ်သည့် ဇွန်၊ ဇူလိုင်၊ သြဂုတ်လများကို သတ်မှတ်ပေးရန် တင်ပြထားဆဲဖြစ်ကြောင်း သိရ
Published 16 February 2022
ဇော်မိုးဦး (မြိတ်)

လာမည့်ငါးသားပေါက်ရာသီကို ဧပြီ၊ မေ၊ ဇွန်လများအစား မူလသတ်မှတ်ချက်ဖြစ်သည့် ဇွန်၊ ဇူလိုင်၊ သြဂုတ်များကို သတ်မှတ်ပေးရန် တင်ပြထားဆဲဖြစ်ကြောင်း ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ငါးမဖမ်းရရာသီကို တစ်နှစ်လျှင် တစ်လစီ ရှေ့သို့တိုးပြီး ပိတ်သွားရန် စီစဉ်ထားရာ ၂၀၂၂ ခုနှစ် ငါးသားပေါက်ရာသီမှာ ဧပြီ၊မေ၊ ဇွန်လများ၌ ကျရောက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါအချိန်ကာလများမှာ ပွင့်လင်းရာသီအချိန်အခါ အများစုဖြစ်နေသောကြောင့် ငါးဖမ်းလှေများက မိုးရာသီဖြစ်သည့် ဇွန်၊ ဇူလိုင်၊ သြဂုတ်လများကို ပြန်လည်သတ်မှတ်ပေးရန် လိုလားနေခြင်းဖြစ်သည်။

“ကျွန်တော်တို့ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်နဲ့ ငါးဖမ်းလှေလုပ်ငန်းရှင်တွေ ဆွေးနွေးပြီး နေပြည်တော်မှာရှိတဲ့ ငါးလုပ်ငန်းဦးစီးဌာနညွှန်ချုပ်ကို တင်ပြထားပါတယ်။ အခက်အခဲက ငါးဖမ်းလှေငယ်တွေမှာ မိုးရာသီဆိုရင် ပင်လယ်ပြင်ထဲကို မထွက်နိုင်ဘူး။ ဒီအချိန်ဆိုရင် ပင်လယ်ထဲမှာ ငါးတွေ သားပေါက်တဲ့အချိန်လည်း ဖြစ်တယ်။ လှိုင်းလေပြင်းထန်တဲ့အချိန်လည်း ဖြစ်တဲ့အတွက် ငါးမဖမ်းရရာသီနဲ့ သင့်တော်ပါတယ်။ ပွင့်လင်းရာသီမှာ ငါးဖမ်းခွင့်ပိတ်ပြီး မိုးရာသီမှာ ငါးဖမ်းခွင့်ပေးမယ်ဆိုရင် လုပ်ငန်းတချို့ အခက်အခဲဖြစ်ပြီး တချို့လုပ်ငန်းတွေ ရပ်နားသွားရနိုင်တယ်။ ကျွန်တော်တို့ တင်ပြထားဆဲဖြစ်တယ်။ ကျွန်တော်တို့ဆီ တရားဝင်အကြောင်း စာတော့မရောက်လာသေးဘူး” ဟု တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးသက်စိုးက ပြောကြားသည်။

ငါးသားပေါက်ရာသီသတ်မှတ်မှုကို ပညာရှင်များ လေ့လာတွေ့ရှိချက်အတိုင်း ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။ ပင်လယ်ပြင်အတွင်း ရာသီအလိုက် လုပ်ကိုင်ရသော လုပ်ငန်းအမျိုးအစားများရှိရာအများစုမှာ မိုးရာသီတွင် လုပ်ငန်းရပ်နားကြရခြင်းဖြစ်ကြောင်း သိရသည်။

ငါးသားပေါက်ရာသီကို သုံးလတိတိ သတ်မှတ်ထားပြီး ၂၀၂၁ ခုနှစ်တွင် မေ၊ ဇွန်၊ ဇူလိုင်လများအဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ဧပြီ၊ မေ၊ ဇွန်လအများအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။                                                                                          

Most Read

Most Recent