ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် ဖတ်ခတ်ကျေးရွာရှိ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည့် စစ်သည်အား နယ်ဘက်အကျဉ်းထောင်၌ ထောင်ဒဏ် အနှစ် ၂၀ ကျခံရန် စစ်တရားရုံးက အမိန့်ချ

ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် ဖတ်ခတ်ကျေးရွာရှိ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည့် စစ်သည်အား နယ်ဘက်အကျဉ်းထောင်၌ ထောင်ဒဏ် အနှစ် ၂၀ ကျခံရန် စစ်တရားရုံးက အမိန့်ချ
Published 11 December 2021

ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် ဖတ်ခတ်ကျေးရွာရှိ အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခဲ့သည့် စစ်သည်တစ်ဦးအား နယ်ဘက် အကျဉ်းထောင်တွင် ထောင်ဒဏ် အနှစ် ၂၀ ကျ ခံရန် ဒီဇင်ဘာ ၁၀ ရက်တွင် စစ်တရားရုံးက အမိန့်ချမှတ်ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

ကွတ်ခိုင်မြို့နယ် ဖာခတ်ကျေးရွာရှိ အမျိုးသမီးတစ်ဦးအား စစ်သည်တစ်ဦးက အလိုမတူဘဲ အဓ္ဓမပြုကျင့်ခဲ့သဖြင့် တရားဥပဒေအတိုင်း အရေးယူပေးစေလိုကြောင်း ဒေသခံအချို့က သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သဖြင့် ကနဦး စစ်ဆေးဖော်ထုတ်စစ်ဆေးချက်များအရ ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်သားအဆင့်ရှိ မင်းမင်းစိုးမှာ အမှန်တကယ်ပြစ်မှုကျူးလွန်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသောကြောင့် အများပြည်သူရှေ့မှောက်တွင် တရားစီရင်မှု (Open Court) စစ်တရားရုံးဖြင့် ပွင်းလင်းမြင်သာစွာ အမြန်ဆုံးစစ်ဆေးပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

အဆိုပါ ဖြစ်စဉ်နှင့်စပ်လျဉ်း၍  စစ်ဆေးစီရင်ရန်အတွက် တပ်မတော်အက်ဥပဒေ၊ တပ်မတော်နည်းဥပဒေများနှင့်အညီ ဖွဲ့စည်းခဲ့သည့် စစ်တရားရုံးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် လုပ်ထုံးလုပ်နည်းများနှင့်အညီ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၉ ရက်တွင် ကွတ်ခိုင်မြို့ရှိ နယ်မြေခံတပ်၌ အကျဉ်းစစ်တရားရုံးချုပ်ဖြင့် ရုံးထိုင်စစ်ဆေးခြင်းကို စတင်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့အကျဉ်းစစ်တရားရုံးချုပ်ဖြင့် ရုံးထိုင်စစ်ဆေးခြင်းကို ဒီဇင်ဘာ ၁၀ ရက်တွင် ဆက်လက်ပြုလုပ်၍ တပ်မတော်သား တရားလိုဘက်သက်သေများနှင့် အရပ်သား တရားလိုဘက်သက်သေများကို စစ်မေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ပြစ်မှုကျူးလွန်သူစစ်သည်အား ပြစ်မှု၏ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သော နယ်ဘက်အကျဉ်းထောင်တွင် ထောင်ဒဏ်အနှစ် ၂၀ ကျခံရန် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

အလားတူ အဆိုပါဖြစ်စဉ်အတွက် တာဝန်ရှိသော အရာရှိကြီးတစ်ဦးအပါအဝင် အရာရှိ၊ စစ်သည်များအား တပ်မတော်မှ ပြဋ္ဌာန်းထားသည့်ဥပဒေများနှင့်အညီ ပြစ်ဒဏ်များကို ချမှတ်ခဲ့ကြောင်း သိရသည်။

စစ်တရားရုံးဖြင့် အဆိုပါဖြစ်စဉ်အား စတင်စစ်ဆေးစီရင်ခဲ့သည့်အချိန်မှစ၍ ဒီဇင်ဘာ ၁၀ ရက်အထိ နယ်ဘက်ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာကျေးရွာမှ ရပ်မိ၊ ရပ်ဖများ၊ တရားလိုဘက်ဆွေမျိုးများ၊ ရှမ်းပြည်နယ် ကချင်စာပေနှင့် ယဉ်ကျေးမှုအမျိုးသမီးအဖွဲ့နှင့် ဘာသာရေးအသင်းအဖွဲ့များကို တက်ရောက်စေ၍ စစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။

Most Read

Most Recent