ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်သည် ဆွေးနွေးမှုများပြုလုပ်ရန်အတွက် ဇန်နဝါရီတွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၇ ရက်၌ သူ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း မြန်မာနိုင်ငံသို့ လာရောက်သည့် ပထမဆုံး နိုင်ငံတကာခေါင်းဆောင် ဖြစ်လာမည် ဖြစ်သည်။
ဖေဖော်ဝါရီတွင် တပ်မတော်က နိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံ၌ မငြိမ်မသက်မှုများ ဖြစ်ပွားလျက်ရှိပြီး စီးပွားရေးမှာလည်း ချည့်နဲ့လျက်ရှိသည်။
မြန်မာနိုင်ငံ၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) ကို နိုင်ငံတကာက သံတမန်ရေးအရ ဖိအားများ ပေးရန် အားထုတ်နေသော်လည်း ကမ္ဘောဒီးယားနိုင်ငံကို ဆယ်စုနှစ်သုံးခု ကြာအောင် သံမဏိစည်းမျဉ်းဖြင့် အုပ်ချုပ်လာခဲ့သူ ဟွန်ဆန်က နစကအစိုးရနှင့် အတူတကွလုပ်ဆောင်မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၆ ရက်တွင် ကတိပြုခဲ့သည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ဒီဇင်ဘာ ၇ ရက်တွင် ဖနွမ်းပင်မြို့၌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ဟွန်ဆန်၏ ပြောရေးဆိုခွင့်ရှိသူ အန်းဆိုဖယ်လက်က ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်သည် ဇန်နဝါရီ ၇ ရက်နှင့် ၈ ရက် နေ့များတွင် မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။
ဒေသတွင်းအဖွဲ့အစည်းဖြစ်သော အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) က မြန်မာနိုင်ငံကို ငြင်းပယ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ကမ္ဘောဒီးယားနိုင်ငံက မြန်မာနိုင်ငံကို ASEAN နှင့် ပြန်လည်သင့်မြတ်စေရန် ကြိုးပမ်းမှုများ ပြုလုပ်သည့်အနေဖြင့် မြန်မာနိုင်ငံကို ဖိတ်ကြားခဲ့ခြင်းလည်း ဖြစ်သည်။
အစွယ်မရှိသည့် အဖွဲ့ဟု မကြာခဏ ဝေဖန်ခံရတတ်သည့် ASEAN သည် မမျှော်လင့်သည့် လုပ်ဆောင်ချက်တစ်ရပ်အဖြစ် နစကအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အဖွဲ့၏ အောက်တိုဘာ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခွင့် ပိတ်ပင်ခဲ့သည်။ ASEAN အဖွဲ့၏ အထူးသံတမန်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုရေးအား မြန်မာနိုင်ငံက ငြင်းပယ်ခဲ့ပြီးနောက် ASEAN က ယင်းကဲ့သို့ ငြင်းပယ်ခဲ့ခြင်းလည်း ဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံသည် လာမည့်နှစ်တွင် ASEAN အဖွဲ့၏ အလှည့်ကျဥက္ကဌနေရာကို ရယူရမည်ဖြစ်ပြီး ဟွန်ဆန်က မြန်မာခေါင်းဆောင်အနေဖြင့် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခွင့်ရှိသည်ဟု ဒီဇင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံဘက်မှ ဟွန်ဆန်အား နေပြည်တော်သို့ လာရောက်ရန် တရားဝင် ဖိတ်ကြားချက်မရှိသေးမီကပင် လာမည့်သီတင်းပတ်အတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးကို ကမ္ဘောဒီးယားသို့ ဖိတ်ကြားရန် စီစဉ်နေကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်က ပြောကြားခဲ့သည်ဟု ကမ္ဘောဒီးယား နိုင်ငံပိုင် Agence Kamupchea Presse (AKP) သတင်းဌာနက ဒီဇင်ဘာ ၂ ရက်တွင် ဖော်ပြခဲ့သည်။
အဖွဲ့ဝင် ၁၀ နိုင်ငံရှိသော အာဆီယံအဖွဲ့ကြီးအနေဖြင့် ပြင်ပမှ မိတ်ဖက်များ စိတ်ကျေနပ်စေရန်အတွက် ဒေသတွင်းအဖွဲ့အစည်းဖြစ်သော အာဆီယံ၏ အစည်းအဝေးများမှ မြန်မာနိုင်ငံကို ချန်လှပ်ထားခြင်းကြောင့် အဖွဲ့ဝင် ကိုးနိုင်ငံတည်းသာဖြစ်နေခြင်းမျိုးသည် မသင့်လျော်ကြောင်း ဟွန်ဆန်က ယူဆလျက်ရှိသည်ဟု အဆိုပါသတင်းတွင် ဖော်ပြခဲ့သည်။
မြန်မာ့တပ်မတော်ခေါင်းဆောင်များအနေဖြင့် အတိုက်အခံများနှင့် ဆွေးနွေးမှုများ လုပ်ဆောင်ရေးအတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းရယူမည့် ကမ္ဘောဒီးယားနိုင်ငံက ဖိအားပေးမည် ဖြစ်ကြောင်းနှင့် လာမည့်နှစ်အစောပိုင်းတွင် လုပ်ငန်းတာဝန်များ စတင်နိုင်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ကို ခန့်အပ်မည်ဖြစ်ကြောင်း အောက်တိုဘာ ၂၈ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောကြားထားသည်။