သမ္မတဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား ချမှတ်ခဲ့သည့် ထောင်ဒဏ် လေးနှစ်အနက် နှစ်နှစ်အား ပုဒ်မ ၄၀၁(၁)အရ ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပြီး ကျန်ရှိသည့် ထောင်ဒဏ်များကို လက်ရှိထိန်းသိမ်းထားသည့် နေရာ၌ပင် ကျခံရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အဆိုပါထုတ်ပြန်ချက်တွင် “တရားဥပဒေစိုးမိုးရေးအတွက် တည်ဆဲဥပဒေနဲ့အညီ မှန်ကန်မျှတစွာ တရားစီရင်မှုကို နိုင်ငံသားအားလုံးက လေးစားလိုက်နာခံယူကြရမှာဖြစ်ပါတယ်။ သို့သော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအနေဖြင့် ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် တရားရုံးက ချမှတ်ခဲ့သည့် ထောင်ဒဏ်လေးနှစ်စီအနက် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ (၁) အရ ထောင်ဒဏ်နှစ်နှစ်ကို လွတ်ငြိမ်းသက်သာခွင့်ပြုပြီး ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၄၁ ၊ ပုဒ်မခွဲ (၁) အရ ကျခံရန် ကျန်ရှိသည့်ထောင်ဒဏ်နှစ်နှစ်အား လက်ရှိထိန်းသိမ်းထားသည့် နေရာ၌ပင် ကျခံစေရန် အမိန့်ထုတ်ပြန်၍ ပြစ်ဒဏ်မှ လျော့ပေါ့ခွင့်ပြုကြောင်း” ဟု ပါရှိသည်။
ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌဟောင်း ဒေါက်တာမျိုးအောင်တို့အား တရားစွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ ဒီဇင်ဘာ ၆ ရက် ရုံးချိန်းတွင် ၎င်းတို့သုံးဦးအား ထောင်ဒဏ်နှစ်နှစ်စီ ချမှတ်ခဲ့ခြင်းဖြစ်သည်။
အလားတူ သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ အရစွဲဆိုထားသည့် အမှုအတွက် ထောင်ဒဏ် နှစ်နှစ်စီချမှတ်ခဲ့ခြင်းဖြစ်သည်။
နေပြည်တော်ကောင်စီဝန်းအတွင်းရှိ သီးသန့်တရားရုံးတွင် သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေါက်တာမျိုးအောင်တို့အား ရုံးထုတ်စစ်ဆေးပြီး ထောင်ဒဏ်များချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေါက်တာမျိုးအောင်တို့အား တရားစွဲဆိုထားသည့် အမှုများအနက် ယခုအမှုနှစ်မှုဖြင့် ပထမဆုံး ထောင်ဒဏ် ချမှတ်ခံရခြင်း ဖြစ်သည်။