ကျွန်းတန့်ဆည်မြို့နယ် တောကုန်းကျေး ရွာအုပ်ချုပ်ရေးမှူးအား လာရောက်ရှာဖွေ သူများက အုပ်ချုပ်ရေးမှူးအား မတွေ့ရှိသဖြင့် ၎င်း၏ဆွေမျိုးတော်စပ်သည့် အမျိုးသမီး ခြောက်ဦးအား သတ်ဖြတ်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
ကျွန်းတောကုန်းကျေးရွာအတွင်းသို့ နိုဝင်ဘာ ၃၀ ရက်ည ၁၂ နာရီခန့်တွင် တန့်ဆည်မြို့နယ်၊ ဒေါင့်ကြီးကျေးရွာဘက်မှ PDF အင်အား၂၀ ခန့်က လက်နက်များကိုင်ဆောင်ကာ ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး အဆိုပါကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတိုက်ငွေ (၆၂) နှစ်၏ နေအိမ်ခြံဝင်း အတွင်းဝင်ရောက်ကာ ဦးတိုက်ငွေအား သတ်ဖြတ်ရန်အတွက် ရှာဖွေခဲ့ကြောင်း သိရသည်။
ထို့နောက် ဦးတိုက်ငွေအား မတွေ့ရသဖြင့် အဆိုပါခြံဝင်းအတွင်း၌ နေထိုင်သည့် ဦးတိုက်ငွေ၏ ညီမဝမ်းကွဲဖြစ်သူ ဒေါ်တင်ထွေး (၅၅) နှစ်၏ နေအိမ်အတွင်းဝင်ရောက်ကာ ဒေါ်တင်ထွေးအပါအဝင် ၎င်းအိမ်တွင် နေထိုင်လျက်ရှိသည့် ဒေါ်တင်ထွေး၏ တူမ များဖြစ်သော ဒေါ်ဝင်းမာ (၄၀) နှစ်၊ ဒေါ်ရှမ်း (၃၅) နှစ်နှင့် ဒေါ်တင်ထွေး၏မြေးဖြစ်သူ မစနေမ (ခ) မနွယ်ဇင်လင်း (၂၀) နှစ်တို့ လေးဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။
ထို့ပြင် အဆိုပါခြံဝင်းထဲ၌ပင်နေထိုင်သည့် ဦးတိုက်ငွေ၏ အစ်မဝမ်းကွဲတော်စပ်သူ ဒေါ်ခင်နှင်း (၆၅) ၏နေအိမ်သို့ လက်နက်ကိုင်များသည် ထပ်မံဝင်ရောက်ကာ ယင်းနေအိမ် တွင်နေထိုင်လျက်ရှိသည့် ဒေါ်ခင်နှင်း၏ ညီမများဖြစ်ကြသော ဒေါ်ခင်တိုး (၅၀) နှစ်နှင့် ဒေါ်ခင်ဝင်း (၄၅) နှစ်တို့နှစ်ဦးအား နေအိမ် အတွင်းပိတ်ကာ ဒေါ်ခင်နှင်း၏ နေအိမ်နှင့် ဦးတိုက်ငွေတို့၏နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေါင့်ကြီးကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ထိုသို့ သတ်ဖြတ်မီးရှို့ခဲ့မှုများကြောင့် ဒေါ်ခင်တိုးနှင့် ဒေါ်ခင်ဝင်းတို့နှစ်ဦးမှာ နေအိမ်အတွင်း မီးလောင်ကျွမ်း၍လည်းကောင်း၊ ဒေါ်တင်ထွေး၊ ဒေါ်ဝင်းမာ၊ ဒေါ်ရှမ်းနှင့် မစ နေမ (ခ) မနွယ်ဇင်လင်းတို့လေးဦးမှာ ကျည်ထိမှန်ဒဏ်ရာများဖြင့်လည်းကောင်း သေဆုံးခဲ့ပြီး ဦးတိုက်ငွေပိုင်ဆိုင်သည့် သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်း နှစ်ထပ်တိုက်တစ်လုံးနှင့် ဒေါ်ခင်နှင်းပိုင်ဆိုင်သည့် သွပ်မိုး၊ ပျဉ်ကာနှစ် ထပ်နေအိမ်တစ်လုံးတို့ မီးလောင်ပျက်စီးဆုံး ရှုံးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။