အောက်တိုဘာ ၂၈ တွင် ကမ္ဘာ့ဒေါ်လာ စျေးအညွှန်းကိန်း ၉၃ ပွိုင့် ဝန်းကျင်ရှိကာ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၉၇၀ ဝန်းကျင် ရှိနေကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။
ပြည်တွင်း၌ ကျပ်ငွေတန်ဖိုးကျဆင်းမှု ဆက်တိုက်ဖြစ်ပေါ်လျက်ရှိပြီး စက်တင်ဘာ ၂၉ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၇၀၀ ဝန်းကျင်အထိ စံချိန်တင်မြင့်တက်ခဲ့သည်။
ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၁ ခုနှစ် အောက်တိုဘာ၂၈ ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြား ငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ ယူရို၂၀၅၀ ကျပ်၊ စင်ကာပူ ဒေါ်လာ ၁၃၅၀ ကျပ်၊ မလေးရှားရင်းဂစ် ကျပ် ၄၂၅၊ ထိုင်းဘတ် ၅၇ ကျပ်၊ ဂျပန်ယန်း ၁၇ ကျပ်နှင့် တရုတ်ယွမ် ၂၉၅ ကျပ်တို့ ဖြစ်သည်။
ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းအတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံခြားသုံးသီးသန့် အရန်ငွေ ဖြည့်တင်းရန် ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင်လေလံ ဖွင့်လှစ်ဆောင်ရွက်နေသည်။
ဗဟိုဘဏ် စျေးပြိုင်လေလံအတွက် စည်းမျဉ်း၊ ညွှန်ကြားချက်များ ချမှတ်ထားပြီး အဆိုပါစည်းမျဉ်း၊ ညွှန်ကြားချက်များနှင့်အညီ နိုင်ငံခြားငွေစျေးပြိုင်လေလံတွင် ပါဝင်သည့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် (AD) ရဘဏ်များဖြစ်သော နိုင်ငံပိုင်ဘဏ် သုံးဘဏ်၊ ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၉ ဘဏ်နှင့် နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ဘဏ်တို့ဖြင့် နိုင်ငံခြားငွေဝယ်ခြင်း၊ ရောင်းခြင်းတို့ကို ဆောင်ရွက်နေသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေ လုပ်ငန်းဆောင်ရွက်ချက်များမှာ ကာလတိုအတွင်း နိုင်ငံခြားငွေ လဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန် အလုပ်လုပ်ရက်တစ်ရက်ရှိ မြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာ၏ ငွေလဲလှယ်နှုန်း နှင့် ယခင်ရက် ရည်ညွှန်းငွေလဲလှယ်နှုန်းတို့ကို နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းသည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ ရောင်းချရန် စျေး ပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ မြန်မာကျပ်ငွေ တန်ဖိုးမြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဝယ်ယူရန်စျေး ပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့် အရန်ငွေကို ဖြည့်တင်းရန် အလုပ်လုပ်ရက်တစ်ရက်၏ ငွေလဲလှယ်နှုန်းအား ပြီးခဲ့သည့် ရက်ပေါင်း ၂၀ အတွင်း၌ ဖြစ်ပေါ်သည့် ပျမ်းမျှ မြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာ လဲလှယ်နှုန်းနှင့် နှိုင်းယှဉ်ခြင်း၊ ယင်းသို့ နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေ တန်ဖိုးမြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြစ်သည်။ ကာလတိုအတွင်း နိုင်ငံခြားငွေ လဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်ဖြစ်သည်။
၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၆ ရက် တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင်လေလံဖြင့် ဒေါ်လာသန်း ၃၀ ထုတ် ရောင်းခဲ့ပြီး အောက်တိုဘာလအတွင်း လက်ရှိအချိန်အထိ သုံးကြိမ်ခွဲ၍ ဒေါ်လာသန်း ၁၁၀ အထိ ရောင်းချထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ချက်များအရ သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒေါ်လာ ရောင်းချမှုအနေဖြင့် အောက်တိုဘာ ၁၈ ရက်တွင် ဒေါ်လာသန်း ၅၀၊ အောက်တိုဘာ ၂၂ ရက်တွင် ဒေါ်လာသန်း ၃၀၊ အောက်တိုဘာ ၂၂ ရက်တွင်သန်း ၃၀ ရောင်းချခဲ့ခြင်းဖြစ် သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင်လေလံဖြင့် ဒေါ်လာရောင်းချခဲ့မှုအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီအတွင်း ဒေါ်လာ ၆ ဒသမ ၈ သန်း ရောင်းချခဲ့ပြီး မတ်အတွင်း ရောင်းချမှုမရှိခဲ့ပေ။ ဧပြီအတွင်း ဒေါ်လာ ၁၂ သန်း၊ မေအတွင်း ဒေါ်လာ ၂၄ သန်း၊ ဇွန်တွင်း ဒေါ်လာ ၁၂ သန်း၊ ဇူလိုင်အတွင်း ဒေါ်လာ ၃၉ သန်း၊ သြဂုတ်အတွင်း ၂၈ သန်း၊ စက်တင်ဘာအတွင်း ဒေါ်လာ ၆၃ သန်း ရောင်းချခဲ့သည်။









