၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာ အမျိုးသားစီမံကိန်းဥပဒေတွင် နှစ်အလိုက်ဈေးနှုန်းအရ ပြည်ပပို့ကုန် ဒေါ်လာသန်း ၈၂၀၀ တင်ပို့ရန်နှင့် ပြည်ပသွင်းကုန် ဒေါ်လာသန်း ၈၈၀၀ တင်သွင်းရန် ရည်မှန်းထား

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာ အမျိုးသားစီမံကိန်းဥပဒေတွင် နှစ်အလိုက်ဈေးနှုန်းအရ ပြည်ပပို့ကုန် ဒေါ်လာသန်း ၈၂၀၀ တင်ပို့ရန်နှင့် ပြည်ပသွင်းကုန် ဒေါ်လာသန်း ၈၈၀၀ တင်သွင်းရန် ရည်မှန်းထား
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 10 October 2021

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာ အမျိုးသားစီမံကိန်းဥပဒေတွင် နှစ်အလိုက်စျေးနှုန်းအရ မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်ကို ဒေါ်လာသန်း ၈၂၀၀ တင်ပို့ရန်နှင့် ပြည်ပသွင်းကုန်ကို ဒေါ်လာသန်း ၈၈၀၀ တင်သွင်းရန် ရည်မှန်းထားကြောင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာ အမျိုးသားစီမံကိန်းဥပဒေတွင် ဖော်ပြထားသည်။

ခြောက်လစီမံကိန်း ရည်မှန်းချက်ဆိုသည်မှာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာမှ ၂၀၂၁ ခုနှစ် မတ်အထိ အကောင်အထည်ဖော်နိုင်မှုအပေါ် အခြေခံ၍ ၂၀၂၁ ခုနှစ် အောက်တိုဘာမှ ၂၀၂၂ ခုနှစ် မတ်လအတွင်း ဆောင်ရွက်မည့်စီမံကိန်း ရည်မှန်းချက်များဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

ပုံမှန်စျေးနှုန်းဆိုသည်မှာ အခြေခံနှစ် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဖြစ်ပေါ်သော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ၏ စျေးနှုန်းဖြစ်သည်။ နှစ်အလိုက်စျေးနှုန်းဆိုသည်မှာ သက်ဆိုင်ရာဘဏ္ဍာနှစ်အလိုက် ဖြစ်ပေါ်သော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ၏ စျေးနှုန်းဖြစ်ကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ၁၁ လခွဲအတွင်း မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၈ ဘီလျံ ကျော်သာရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၇ ဒသမ ၅ ဘီလျံကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာ ၁၇ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၈ ဒသမ ၂၂၈ ဘီလျံကျော် ရရှိခဲ့သည်။ ယခင်နှစ်ကာလတူက ဒေါ်လာ ၃၅ ဒသမ ၇၅၅ ဘီလျံကျော် ရရှိခဲ့သည်။ အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ကြည့်ပါက လက်ရှိဘဏ္ဍာနှစ် စက်တင်ဘာ ၁၇ ရက်အထိ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၇ ဒသမ ၅၂၇ ဘီလျံကျော် လျော့ကျနေသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ နှစ်အလိုက် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုအခြေအနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၈၉၇၇ ဒသမ ၀၁၅ သန်း၊ သွင်းကုန်ဒေါ်လာ ၉၀၆၈ ဒသမ ၉၁၄ သန်းဖြင့် ကုန်သွယ်မှု ပမာဏဒေါ်လာ ၁၈၀၄၅ ဒသမ ၉၂၉ သန်း ရရှိခဲ့သည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၁၁၂၀၃ ဒသမ ၉၅၇ သန်း၊ သွင်းကုန်ဒေါ်လာ ၁၃၇၅၉ ဒသမ ၅၀၇ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၂၄၉၆၃ ဒသမ ၄၆၄ သန်း ရရှိခဲ့သည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၁၂၅၂၃ ဒသမ ၇၁၇ သန်း၊ သွင်းကုန်ဒေါ်လာ ၁၆၆၃၃ ဒသမ ၁၄၆ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၉၁၅၆ ဒသမ ၈၆၃ သန်း ရရှိခဲ့သည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၁၁၁၃၆ ဒသမ ၈၇၈ သန်း၊ သွင်းကုန်ဒေါ်လာ ၁၆၅၇၇ ဒသမ ၉၄၈ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၂၇၇၁၄ ဒသမ ၈၂၆ သန်း ရရှိခဲ့သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၁၁၉၉၈ ဒသမ ၅၄၅ သန်း၊ သွင်းကုန်ဒေါ်လာ ၁၇၂၁၁ ဒသမ ၀၆၂ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၉၂၀၉ ဒသမ ၆၀၇ သန်း ရရှိခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၁၄၈၈၃ ဒသမ ၁၆၀ သန်း၊ သွင်းကုန်ဒေါ်လာ ၁၈၆၉၄ ဒသမ ၈၉၂ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၃၅၇၈ ဒသမ ၀၅၂ သန်း ရရှိခဲ့သည်။

၂၀၁၈ ခုနှစ် Mini Budget တွင် ပို့ကုန်ဒေါ်လာ ၈၈၆၁ ဒသမ ၀၃၂ သန်း၊ သွင်းကုန်ဒေါ်လာ ၉၈၆၇ ဒသမ ၇၈၃ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၈၇၂၈ ဒသမ ၈၁၅ သန်း ရရှိခဲ့သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၁၇၀၆၀ ဒသမ ၄၁၅ သန်း၊ သွင်းကုန်ဒေါ်လာ ၁၈၀၈၆ ဒသမ ၅၉၇ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၅၁၄၇ ဒသမ ၀၁၂ သန်း ရရှိခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၁၇၆၈၁ ဒသမ ၀၈၉ သန်း၊ သွင်းကုန်ဒေါ်လာ ၁၉၀၅၀ ဒသမ ၈၅၆ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၆၇၃၁ ဒသမ ၉၄၅ သန်း ရရှိခဲ့သည်။

မြန်မာနိုင်ငံမှ ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ အကောင်အထည်ဖော်နေပြီး အမျိုးသားပို့ကုန် မဟာဗျူဟာ ၂၀၂၀-၂၀၂၅ ၏ အဓိကဦးစားပေးကဏ္ဍများတွင် လယ်ယာထွက်ကုန်ပစ္စည်း အခြေခံစားသောက်ကုန် ထုတ်လုပ်ခြင်းကဏ္ဍ၊ အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ၊ စက်မှုနှင့်လျှပ်စစ်ပစ္စည်းကဏ္ဍ၊ ရေထွက်ကုန်လုပ်ငန်းကဏ္ဍ၊ သစ်တောထွက်ပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုကဏ္ဍ၊ အရည်အသွေး စီမံခန့်ခွဲမှုကဏ္ဍ၊ ကုန်သွယ်မှုသတင်း အချက်အလက် ဝန်ဆောင်မှုကဏ္ဍ၊ တီထွင်ဆန်းသစ်မှုနှင့် စွန့်ဦးတီထွင် ဆောင်ရွက်ခြင်းကဏ္ဍစသည်တို့လည်း ပါဝင်သည်။

Most Read

Most Recent