ချယ်လ်ဆီးအသင်း၏ တိုက်စစ်မှူး လူကာကူက အက်စတွန်ဗီလာနှင့် ပွဲမှာကဲ့သို့ ဒူးခေါင်းဖြင့် လျှောထိုးအောင်ပွဲခံမှုမျိုး ထပ်လုပ်တော့မည်မဟုတ်ဟု Twitter တွင် နောက်ပြောင်ရေးသားခဲ့သည်။
ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ချယ်လ်ဆီးအသင်းသို့ ပြန်လည်ပြောင်းရွှေ့ခဲ့သည့် လူကာကူသည် အက်စတွန်ဗီလာနှင့်ပွဲ၌ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းသို့ ပထမဆုံးအဖြစ် တစ်ကျော့ပြန်ခြေချခွင့်ရရှိခြင်းဖြစ်ပြီး ဂိုး(၂)ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့သည်။
ထို့ကြောင့် ပထမဂိုးသွင်းယူအပြီးတွင် လူကာကူသည် ချယ်လ်ဆီးအသင်း၏ ဂန္ထဝင်တိုက်စစ်မှူး ဒရော့ဘာကဲ့သို့ ဒူးခေါင်းဖြင့် လျှောထိုးကာ အောင်ပွဲခံခဲ့ခြင်းဖြစ်သည်။
သို့သော် ပုံစံမကျသဖြင့် ဒူးခေါင်းနှင့် မြက်ခင်း ထိုးမိကာ မှောက်လျက်လဲခဲ့ရသည်။
ယင်းအတွက် ပရိသတ်များက လူမှုကွန်ရက်တွင် ဟာသလုပ် နောက်ပြောင်မှုများရှိခဲ့သလို၊ ဒရော့ဘာကလည်း ''ဟယ်လို ဒေါက်တာ ဒေးဗစ်၊ သူ့အတွက် ဒူးခေါင်းအသစ်တွေ ယူလာနိုင်မလား''ဟု ရေးသားခဲ့သည်။
ထို့ကြောင့် လူကာကူက တနင်္ဂနွေနေ့တွင် ''မနေ့က အောင်ပွဲခံခဲ့ပြီးတဲ့နောက် ဒူးခေါင်းနဲ့ လျှောထိုးအောင်ပွဲခံတာမျိုး ထပ်မလုပ်တော့ပါဘူး''ဟု Twitter တွင် ရေးသားခဲ့ခြင်းဖြစ်သည်။
စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းတွင် ပထမဆုံး ဂိုးသွင်းနိုင်ခြင်းနှင့်ပတ်သက်၍ လူကာကူက ပွဲအပြီးတွင် ''ဒီမှာ ဂိုးသွင်းနိုင်ဖို့ (၁၁)နှစ်သားကတည်းက ကျွန်တော် အိပ်မက်မက်ခဲ့တာပါ။ အခုအခိုက်အတန့်အတွက် ပြင်းပြင်းထန်ထန်လည်း ကြိုးစားခဲ့ရပါတယ်''ဟု ပြောကြားခဲ့သည်။















