ဆန်ကြမ်းတစ်ပြည် ကျပ် ၁၀၀၀၊ ပေါ်ဆန်းမွှေးတစ်ပြည် ကျပ် ၁၇၀၀၊ ဆီ ၅၀ သားတစ်ဗူးလျှင် ကျပ် ၁၈၅၀၊ ကြက်ဥ ၁၀ လုံးတစ်ကဒ်လျှင် ကျပ် ၁၂၀၀ ဖြင့် မြို့နယ်အချို့တွင် ရောင်းချပေးလျက်ရှိ

ဆန်ကြမ်းတစ်ပြည် ကျပ် ၁၀၀၀၊ ပေါ်ဆန်းမွှေးတစ်ပြည် ကျပ် ၁၇၀၀၊ ဆီ ၅၀ သားတစ်ဗူးလျှင် ကျပ် ၁၈၅၀၊ ကြက်ဥ ၁၀ လုံးတစ်ကဒ်လျှင် ကျပ် ၁၂၀၀ ဖြင့် မြို့နယ်အချို့တွင် ရောင်းချပေးလျက်ရှိ
Published 8 September 2021

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စားသုံးသူများကို ဆန်ကြမ်းတစ်ပြည်ကျပ် ၁၀၀၀၊ ပေါ်ဆန်းမွှေးတစ်ပြည် ကျပ် ၁၇၀၀၊ ဆီ ၅၀ သား တစ်ဗူးလျှင်ကျပ် ၁၈၅၀၊ ကြက်ဥ ၁၀ လုံး တစ်ကဒ်လျှင် ကျပ် ၁၂၀၀ ဖြင့် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင်များအသင်းနှင့် ဆန် Exporter ကုမ္ပဏီကြီးများမှ ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

စက်တင်ဘာ ၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ လှည်းကူးမြို့နယ်၊ မှော်ဘီ၊ တိုက်ကြီး၊ သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်းမြို့နယ်များတွင် ရောင်းချပေးခဲ့သည်။

စက်တင်ဘာ ၆ ရက်က ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဒေါပုံ၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ ရန်ကင်း၊ သာကေတနှင့် သင်္ဃန်းကျွန်းမြို့နယ်တို့တွင်လည်းကောင်း၊ စက်တင်ဘာ ၄ ရက်က ကမာရွတ်၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ဗဟန်း၊ မရမ်းကုန်း၊ လှိုင်၊ အလုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ အင်းစိန်မြို့နယ်တွင်လည်းကောင်း အသီးသီးရောင်းချပေးခဲ့သည်။

သြဂုတ် ၂၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တာမွေ၊ တောင်ဥက္ကလာ၊ ကျောက်တံတား၊ မင်္ဂလာတောင်ညွန့်၊ လှည်းကူးမြို့နယ်များတွင် ဆန်ကြမ်းတစ်ပြည် ကျပ် ၁၀၀၀၊ ပေါ်ဆန်းမွှေးတစ်ပြည် ကျပ် ၁၇၀၀၊ ဆီ ၅၀ သားတစ်ဗူးလျှင် ကျပ် ၁၈၅၀၊ ကြက်ဥ ၁၀ လုံး တစ်ကဒ်လျှင် ကျပ် ၁၃၀၀ ဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်သည်။

သြဂုတ် ၂၁ ရက်က အလုံ၊ ကြည့်မြင် တိုင်၊ တိုက်ကြီးမြို့နယ်များသို့လည်းကောင်း၊  သြဂုတ် ၂၀ ရက်တွင် ဒလ၊ ဒဂုံအရှေ့၊ သင်္ဃန်း ကျွန်း၊ မြောက်ဥက္ကလာ၊ မြောက်ဒဂုံ၊ မှော်ဘီ မြို့နယ်များတွင် ရောင်းချပေးခဲ့သည်။

ရန်ကုန်မြို့သို့ ဆန်များ ပုံမှန်ပြန်လည် ဝင်ရောက်စေရေးနှင့် ဆန်စျေးတည်ငြိမ်စေရေးအတွက် ကိုဗစ်-၁၉ ကြောင့် ပိတ်ထားသည့် ဆန်စပါးကုန်စည်ဒိုင်(၀ါးတန်း)ကို  သြဂုတ် ၁၆ မှစတင်ကာ ပုံမှန်ပြန်ဖွင့်ပေးနေကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များ အသင်း၊ ဆန်စပါးကုန်စည်ဒိုင် (၀ါးတန်း) ကော်မတီက ကြေညာထားသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းတို့၏ လမ်းညွှန်ချက်များအရ ရန်ကုန်မြို့သို့ ဆန်များ ပုံမှန်ပြန်လည်ဝင်ရောက်စေရေး နှင့် ဆန်စျေးနှုန်း တည်ငြိမ်မှန်ကန်စေရေးအတွက် ဆန်စပါးကုန်စည်ဒိုင် (၀ါးတန်း) ကို သြဂုတ် ၁၆ ရက်မှစတင်၍ အပတ်စဉ် တနင်္လာမှ သောကြာနေ့အထိ တစ်ပတ်လျှင် ငါးရက် ပုံမှန်ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။ အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့များနှင့် ယခင် ကုန်စည်ဒိုင်ပိတ်ရက်များအဖြစ် သတ်မှတ်ကြေညာထားသော ကုန်စည်ဒိုင်ပိတ်ရက်များကိုသာ ဆန်စပါးကုန်စည်ဒိုင် (၀ါးတန်း) ၏ ပိတ်ရက်များဖြစ်ကြောင်း အသိပေးချက်ထုတ်ပြန်ထားသည်။

ဆန်စပါးကုန်စည်ဒိုင် (၀ါးတန်း) ပုံမှန် ပြန်လည်ဖွင့်လှစ်မည့် အပတ်စဉ်(တနင်္လာမှ သောကြာ) နေ့များတွင် အသင်းသူ/အသင်းသားများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကို ကာကွယ်သောအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းကမ်းချက်များကို လိုက်နာကျင့်သုံး၍ ရောင်း/ဝယ်ကြရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ ဆန်စပါးကုန်စည်ဒိုင်များသည် ရန်ကုန်မြို့နှင့် နိုင်ငံအဝှမ်း စားသုံးသူပြည်သူများ၏ နေ့စဉ်စားသုံးနေသော စာနပ်ရိက္ခာဆန်များ  ဖြန့်ဖြူးပေးရာ အဓိကကျသော နေရာများဖြစ်သည့်အပြင် စားနပ်ရိက္ခာအတွက် မရှိမဖြစ် လိုအပ်သောနေရာများ ဖြစ်သည်။

မြန်မာနိုင်ငံအနှံ့အပြားရှိ နေရာဒေသများတွင် COVID-19 ရောဂါပိုး တတိယအကြိမ် ပြန်လည်ဖြစ်ပွားလာသည့်အတွက် ကြိုတင်ကာကွယ်နိုင်ရန် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ ဆန်စပါးကုန်စည်ဒိုင် (၀ါးတန်း) ကို ၂၀၂၁ ခုနှစ် ဇူလိုင် ၁၂ ရက် (တနင်္လာနေ့) မှစတင်၍ တစ်ပတ်လျှင် သုံးရက် (တနင်္လာ၊ အင်္ဂါနှင့် ကြာသပတေးနေ့) များကိုသာ ဖွင့်လှစ်ရောင်းချခဲ့ခြင်းဖြစ်သည်။