COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရန် မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများအားလုံးကို စက်တင်ဘာ ၃၀ ရက်နေ့အထိ ထပ်မံတိုးမြှင့်

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရန် မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများအားလုံးကို စက်တင်ဘာ ၃၀ ရက်နေ့အထိ ထပ်မံတိုးမြှင့်
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal-1 အား ကိုဗစ်ကာလအတွင်း တွေ့ရစဉ်
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal-1 အား ကိုဗစ်ကာလအတွင်း တွေ့ရစဉ်
Published 6 September 2021

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်ရန် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများအားလုံးကို စက်တင်ဘာ ၃၀  ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်ကြောင်း COVID-19 ကာကွယ်၊ ထိန်းချုပ် ကုသရေးဗဟိုကော်မတီမှ  သတင်းထုတ်ပြန်ချက်အရ သိရသည်။

COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်သည့် အစီအမံများအား ပိုမိုထိရောက်စွာ ဆောင်ရွက်ရန် မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့်ယာယီကန့်သတ်ချက်များအား ထုတ်ပြန်ထားခဲ့ပြီး၊ အဆိုပါ ကန့်သတ်ချက်များအားလုံးကို ၂၀၂၁ခုနှစ်၊ သြဂုတ် ၃၁ ရက်အထိ တိုးမြှင့်လိုက်ခြင်းအား ထပ်မံ၍ သက်တမ်းတိုးမြှင့်လိုက်ခြင်းဖြစ်သည်။

သို့ရာတွင် အရေးပေါ် အစိုးရတာဝန်ဖြင့် ဖြစ်စေ၊ မလွှဲမရှောင်သာသော ကိစ္စရပ်များကြောင့်ဖြစ်စေ၊ ပြည်ပနိုင်ငံသားများ (သံတမန်များနှင့်  ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ဝန်ထမ်းများအပါအဝင်) အနေဖြင့် မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲရန် ရှိမည့် ကယ်ဆယ်ရေးလေယာဉ် (သို့မဟုတ်) အထူးလေယာဉ်များဖြင့် လာရောက်ရန် ရှိပါက ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ ကန့်သတ်မှုများမှ ကင်းလွတ်ခွင့်ရရှိနိုင်ရန်အတွက် ပြည်ပနိုင်ငံများရှိ အနီးဆုံး မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ်အကူအညီ တောင်းခံရမည်ဖြစ်ကြောင်း သိရသည်။

လေကြောင်းခရီးသွားလာခြင်းမှတစ်ဆင့် မြန်မာနိုင်ငံတွင်း COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုအား ကာကွယ်ရန်  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာမှ ခရီးသည်တင်လေယာဉ်များ ပြေးဆွဲခွင့်ကာလအား ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ  သတင်းထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် သြဂုတ်လအထိ e-Visa ဖြင့် မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံတကာမှ ခရီးသွား ၁.၇ သန်းကျော်ရှိပြီး ၎င်းတို့ e-Visa လျှောက်ထားမှုမှ ဝင်ငွေရရှိမှု အမေရိကန်ဒေါ်လာ ၆၉.၂ သန်းရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် သြဂုတ်လအထိ မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံတကာမှ ခရီးသွားများ ဆိုက်ရောက်ဗီဇာ လျှောက်ထားမှုမှ ရရှိဝင်ငွေ အမေရိကန် ဒေါ်လာ ၇၁ ဒသမ ၅၂ သန်းရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent