လွိုင်ကော်ခရိုင် လွိုင်လင်လေးမြို့အတွင်းရှိ ကျေးရွာအချို့မှာ စစ်ရှောင်ကာလ တစ်လကျော် ကြာမြင့်လာပြီး နေထိုင်ရာ ကျေးရွာများ ပစ်ထားခဲ့ရသဖြင့် စိုးရိမ်နေကြရ

လွိုင်ကော်ခရိုင် လွိုင်လင်လေးမြို့အတွင်းရှိ ကျေးရွာအချို့မှာ စစ်ရှောင်ကာလ တစ်လကျော် ကြာမြင့်လာပြီး နေထိုင်ရာ ကျေးရွာများ ပစ်ထားခဲ့ရသဖြင့် စိုးရိမ်နေကြရ
လွိုင်လင်လေးမြို့ရှိ ကျေးရွာတစ်ရွာမှ စစ်ဘေးရှောင်များကို တွေ့ရစဉ်
လွိုင်လင်လေးမြို့ရှိ ကျေးရွာတစ်ရွာမှ စစ်ဘေးရှောင်များကို တွေ့ရစဉ်
Published 1 September 2021
မခိုင် (လွိုင်ကော်)

လွိုင်ကော်ခရိုင် လွိုင်လင်လေးမြို့အတွင်းရှိ ကျေးရွာအချို့မှာ စစ်ရှောင်ကာလ တစ်လကျော် ကြာမြင့်လာပြီး နေထိုင်ရာ ကျေးရွာများ ပစ်ထားကြရသဖြင့် စိုးရိမ်နေကြရကြောင်းသိရသည်။

“ပြီးခဲ့တဲ့လ ကတည်းက ဖြစ်တယ်။ စစဖြစ်တော့ ပြေးရမယ် ရွာရှိလူကုန် ထွက်ကြ ထွက်ကြ ဆိုတော့ ရွာက ကျောက်သယ်ကားနဲ့ အကုန်စုတက်ကြတာ။ စားစရာနဲ့ ရေတွေပဲ တင်ပြေးကြတာ။ တောထဲရောက်တော့ ဒီတိုင်း တစ်ညလုံး အိပ်မပျော်ဘဲ ငိုနေမိတယ်။ မိုးကာလည်းမရှိ၊ အခင်းအောက်ခံလည်း မရှိနဲ့လေ။ ကလေးတွေ ဘိုးဘွားတွေပါ ပါတော့ ပိုပြီး စိတ်ထဲ ဘယ်လိုမှ ပျော်မနေဘူး။ အိမ်ကိုလည်း ပြန်မကြည့်ရတာ တစ်လကျော်ပြီ။ အိမ်ပြန်ရမလား စဉ်းစားနေတုန်း တိုက်ပွဲက ဆက်ဖြစ်ပြန်ရော။ တခြားကျန်ခဲ့တဲ့ ရွာတွေပါ ထပ်ပြေးလာတာပဲ တွေ့တယ်။ အိမ်မှာ သီးပင်စားပင် အကုန်ပစ်ထားခဲ့ရတာ။ တောင်ယာ ရွှေဖရုံ၊ သခွား၊ ပဲ၊ ပိန်းဥဆို တစ်နှစ်လုံး စားလို့ရအောင် စိုက်ထားခဲ့တာ”ဟု လွိုင်လင်လေးမြို့ ဒေါတဟေးကျေးရွာနေ စစ်ရှောင်တစ်ဦးက ပြောကြားသည်။

အချို့ကျေးရွာများမှာ လူမရှိသဖြင့် ရွာတွင်းရှိ အိမ်များအား ဖောက်ထွင်း ခိုးယူခံရခြင်းများ ရှိသဖြင့် လည်းကောင်း၊ ဝမ်းစာဆန်နှင့် သီးနှံများအား ခိုးယူခံရခြင်းများ ရှိနေသည်ကို ကြားသိရသဖြင့် လည်းကောင်း စစ်ရှောင်များမှာ စိုးရိမ်နေကြရကြောင်းလည်း သိရသည်။

“ဦးလေးတို့ ဘေးရွာက အိမ်ဆို တံခါးတွေ ဘာတွေ ဖျက်ဆီးခံရပြီး TV တွေ ပျောက်တယ်။ အိမ်ထဲ တန်ဖိုးရှိတဲ့ ဖိနပ်ကစ ခိုးခံရတယ်။ ကုန်စုံဖွင့်တဲ့ အိမ်ဆိုလည်း ဆီကအစ အကုန်ခိုးသွားကြတာတွေ တွေ့တယ်။ နောက် တချို့က တစ်နှစ်စာ သီးနှံတွေကိုဆို စပါးထားတဲ့နေရာမှာ သိမ်းထားတာတွေလည်း အကုန် သူများ ယူသွားကြတယ်တဲ့။ ဦးလေးတို့ အိမ်ပြန်လို့ရတဲ့အခါ စားစရာ အခက်အခဲနဲ့ ကြုံရမှာ အသေအချာပဲ”ဟု စစ်ရှောင်ကျေးရွာရှိ အမျိုးသားတစ်ဦးက ပြောကြားသည်။

ကယားပြည်နယ်တွင် ပစ်ခတ်မှု စတင်ခဲ့သည့် မေလ နောက်ဆုံးပတ်မှစ၍ ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်အပြင် လွိုင်ကော်မြို့နယ် တချို့ကျေးရွာများမှာ စစ်ရှောင်ကာလမှာ သုံးလကျော် ရှိပြီဖြစ်သည်။