ရန်ကုန်တိုင်းဒေသကြီးတွင် ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများဆောင်ရွက်ခဲ့သူများကို ဖမ်းဆီးရမိကြောင်း တပ်မတော် သတင်းထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီးတွင် ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများဆောင်ရွက်ခဲ့သူများကို ဖမ်းဆီးရမိကြောင်း တပ်မတော် သတင်းထုတ်ပြန်
Published 3 August 2021

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့ နယ်များတွင် ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သူများကို ဇူလိုင် တတိယပတ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သြဂုတ် ၂ ရက်တွင် သတင်းထုတ်ပြန်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (KNLA) တပ်မဟာ (၅) နယ်မြေတွင် ဖောက်ခွဲဖျက်ဆီးရေး သင်တန်းဖွင့်လှစ်ခဲ့သည့် ခင်ကျော် (UNRA) ၏ ဆက်စပ်တရားခံဖြစ်သော ကျော်ဇင်ထွန်း (ခ) သေတ္တာ၊ ဝိုင်းတူးခန့်နှင့် ပြည့်ပြည့်ချိုတို့ သုံးဦးကို ဇူလိုင် ၁၆ ရက်တွင် ယာဉ်မောင်းစောသိုက် မောင်းနှင်သော ပရိုဘောက်ယာဉ်နှင့်အတူ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ကို သွားရောက်ခေါ်ဆောင်ပေးရန် စေခိုင်းသူ စောလွိုက်အား မရမ်းကုန်းမြို့နယ်ရှိ ၎င်း၏ နေအိမ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းတို့၏ ထွက်ဆိုချက်အရ မရမ်းကုန်းမြို့နယ်တွင် ဖြိုးဝေလှိုင်နှင့် ထက်အောင်ရင်၊ လှိုင်သာယာမြို့နယ်တွင် အောင်ကျော်ဦး၊ လမ်းမတော်မြို့နယ်တွင် ဇူလိုင် ၁၇ ရက်၌ ရဲလင်းထွန်းနှင့် သက်လွင်ဦး၊ လှိုင်သာယာမြို့နယ်တွင် ဇူလိုင် ၁၈ ရက်၌ မင်းမင်း၊ အင်းစိန်မြို့နယ်တွင် ဇူလိုင် ၁၉ ရက်၌ စည်သူအောင်၊ ခွန်းဆက်နိုင်၊ ပြည့်စုံအောင်၊ ရဲရင့်အောင်နှင့် အောင်ကိုသန်းတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ထို့ပြင် ကမာရွတ်မြို့နယ်တွင် ဇူလိုင် ၂၀ ရက်၌ ကြည်နောင်၊ အောင်စိုးမင်းနှင့် အေးအေးမွန် (ခ) အိအိဆွေတို့ သုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး ကြည်နောင်၏ ထွက်ဆိုချက်အရ ကမာရွတ်မြို့နယ်ရှိ ၎င်းနေထိုင်ရာအခန်း အတွင်းမှ ဖောက်ခွဲရေးပစ္စည်းပြုလုပ်ရာတွင် အသုံးပြုသည့် ယမ်း၊ ကန့်နှင့် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ကြောင်း၊ အင်းစိန်မြို့နယ်တွင် ဇူလိုင် ၂၁ ရက်၌ စည်သူ၊ သာထူးကျော်၊ ကျော်ဆန်းဦးနှင့် အောင်ထက်တို့ လေးဦးကို လက်လုပ်ဗုံးတစ်လုံး၊ စကားပြောစက် တစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။

ဖြိုးဝေလှိုင်၊ ထက်အောင်ရင်နှင့် ရဲလင်းထွန်းတို့၏ ထွက်ဆိုချက်အရ ၎င်းတို့သည် ဇူလိုင် ၁၁ ရက်တွင် အင်းစိန်မြို့နယ်၊ ရွှေဝါ (၁) လမ်းနေ ပြည်သူတစ်ဦး၏ အိမ်ရှေ့၌ ရီမုမိုင်း တစ်လုံးဖြင့်လည်းကောင်း၊ ဇူလိုင် ၁၃ ရက်တွင် ဖြိုးဝေလှိုင်နှင့် ရဲလင်းထွန်းတို့သည် အင်းစိန်မြို့နယ် လျှပ်စစ်ရုံးအား လက်လုပ်ဗုံးဖြင့် လည်းကောင်း၊ ဇူလိုင် ၁၉ ရက်တွင် ထက်အောင်ရင်သည် အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်ရှိ One Stop Mart ဆိုင်အား လက်လုပ်ချိန်ကိုက်မိုင်းဖြင့်လည်းကောင်း ဖောက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရန်အတွက် ၎င်းတို့အား စေခိုင်းသူ ဆိုင်းမွန်ဆိုသူကို ၎င်းနှင့်အတူ ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့သည့် ဝေဖြိုးမောင်တို့အား ဇူလိုင် ၁၇ ရက်တွင် လှိုင်မြို့နယ်၌ ဖမ်းဆီးရမိခဲ့ပြီး ဆိုင်းမွန်၏ ထွက်ဆိုချက်အရ သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းရှိတိုက်ခန်းတစ်ခုတွင် ရှေ့ထွက်မိုင်း ၄၄ လုံး၊ လက်ပစ်ဗုံးတစ်လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၃၃ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ဆိုင်းမွန်၏ ထွက်ဆိုချက်အရ သူရိန်မောင်မောင်ဦးကို ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဇူလိုင် ၂၅ ရက်တွင် မရမ်းကုန်းမြို့နယ်၌ ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ တင့်လွင်နှင့် ဖြိုးဝေထွန်းတို့ နှစ်ဦးကို ဇူလိုင် ၂၈ ရက်တွင် မရမ်းကုန်းမြို့နယ်၌ပင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

အထက်ပါဖြစ်စဉ်များတွင် ကျော်ဇင်ထွန်း (ခ) သေတ္တာအပါအဝင် စုစုပေါင်း ၂၈ ဦးကို ရှေ့ထွက်မိုင်း ၄၄ လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၃၃ လုံး၊ လက်ပစ်ဗုံးတစ်လုံး၊ လက်လုပ်ဗုံးတစ်လုံး၊ ဒီတိုနေတာ ၅၉ ခု၊ စကားပြောစက် တစ်လုံးအပါအဝင် လက်လုပ်မိုင်း / ဗုံး ပြုလုပ်ရာတွင် အသုံးပြုသည့် သံပိုက်၊ ယမ်း၊ ကန့် နှင့် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

Most Read

Most Recent