မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ယာဉ်ရပ်နားစခန်းတွင် ကွန်တိန်နာယာဉ်ပေါ်မှ ငွေကျပ် ၂ ဒသမ ၂၈ ဘီလျံ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သတင်းရရှိသည်။
ဇူလိုင် ၃၀ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့တို့သည် သတင်းအရ အမရပူရမြို့နယ်၊ သီရိမင်္ဂလာ ကုန်တင်ယာဉ်ရပ်နားစခန်းတွင် ရန်နိုင်ဦး(၂၅)နှစ် မောင်းနှင်ကာ ကျော်သက်(၂၆)နှစ် လိုက်ပါလာသော NISSAN CANTER အမျိုးအစား ၆ ဘီး ကွန်တိန်နာယာဉ်အား စောင့်ကြည့်နေခဲ့ကြောင်း၊ ထို့နောက် ဆိုင်ကယ်ဖြင့် ရှေ့ပြေးလိုက်ပါလာသော သက်မောင်မောင်ချမ်း(ခ) ကျော်ရဲအောင်(၃၈)နှစ်နှင့် မန္တလေးတွင် မူးယစ်ဆေးဝါးများလက်ခံမည့် ဝင်းမင်းသန့်(ခ)ဂျပန်ကြီး(၂၈)နှစ်တို့ ရောက်ရှိလာခဲ့ကြောင်း၊ ၄ ဦးအားထိန်းသိမ်းခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကွန်တိန်နာမော်တော်ယာဉ်အား ဖွင့်ဖောက်စစ်ဆေးရာ အဆိုပါယာဉ်အတွင်းမှ ဆပ်ပြာခွက် ၃,၈၀၆ ခွက်ဖြင့်ထည့်ထားသည့် ဒေသကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၂၈ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၃၈ ဒသမ ၀၆ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း ဆက်လက် သတင်းထုတ်ပြန်ချက်အရ သတင်းရရှိပါသည်။
ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့်ပတ်သက်ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်းနှင့် ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း ဆက်လက်သတင်းရရှိပါသည်။