ရန်ကုန်မြို့ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင် ရောင်းချခွင့်မပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုမည် ဖြစ်ကြောင်း ဇူလိုင် ၅ ရက်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင် စားသောက်ခွင့်မပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုသည့် ညွှန်ကြားစာ ရောက်လာကြောင်း၊ ယင်းဆိုင်များအပြင် KTV ၊ အရက်ဆိုင်များလည်း ပါဝင်ကြောင်း တောင်ဒဂုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“စာရောက်လာပါတယ်။ လက်ဖက်ရည်ဆိုင်တို့၊ စားသောက်ဆိုင်တို့ကို ဆိုင်ထိုင်စား သောက်ခွင့် မပြုတော့ဘူး။ ပါဆယ်စနစ်ဘဲ ခွင့်ပြုတော့မယ်ဆိုပြီး ရောက်လာတယ်။ တခြားဆိုင်တွေကတော့ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ KTV ၊ အရက်ဆိုင်တို့ ပါတယ်။ မနေ့က ညွှန်ကြားချက် ရောက်တယ်” ဟု ၎င်းက ပြောကြားသည်။
အဆိုပါ ညွှန်ကြားစာထဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည့် မြန်မာနိုင်ငံ၏ ကိုဗစ်ရောဂါဖြစ်ပွားမှု အခြေအနေအား ပြည်သူများသို့ အချိန်နှင့်တပြေးညီ အသိပညာပေး ဆောင်ရွက်ရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးက ထုတ်ပြန်သော ညွှန်ကြားချက်၊ တားမြစ်ချက်များအား တိကျစွာ လိုက်နာဆောင်ရွက်ရန်အတွက် ပညာပေးခြင်း၊ အသိပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ရန်နှင့် လိုက်နာခြင်းမရှိပါက ဒဏ်ငွေ ပေးဆောင်ခြင်းနှင့် အရေးယူခြင်းများကို အဆက်ဆက် ဆောင်ရွက်ရန်၊ မိမိဒေသအတွင်း လူစုလူဝေးဖြင့် ကျင်းပ ဆောင်ရွက်ရသည့် အခမ်းအနားများ၊ အစီအစဉ်များတွင် မဖြစ်မနေ ဆောင်ရွက်ရသည့် အစီအစဉ်များမှအပ ကျန်အစည်းအဝေးများ၊ အစီအစဉ်များကို ဆောင်ရွက်ခွင့် မပြုရန်၊ အခမ်းအနားများအား ကျင်းပ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ရန်၊ စားသောက်ဆိုင်များအား ဆိုင်ထိုင်ရောင်းချခြင်းအစား ပါဆယ်စနစ်ဖြင့်သာ ဆောင်ရွက်စေရန်၊ တေးဂီတသီဆိုခြင်း၊ အခန်းတွင်း ကာရာအိုကေဖြင့် အပန်းဖြေ၊ အနားယူခြင်း အစီအစဉ်များ မပြုလုပ်ရန်၊ စျေးများနှင့်ဆိုင်သော စျေးဆိုင်များ ဖွင့်လှစ် ရောင်းချရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များအား အထူးတိကျ လိုက်နာဆောင်ရွက်ရန်၊ နေ့စဉ်မရှိမဖြစ် အသုံးပြုသော စားသောက်ကုန်များ ရောင်းချသည့်ဆိုင်များကိုသာ ခွင့်ပြုရန်နှင့် အခြားကုန်ပစ္စည်းများ ရောင်းချခြင်းများကို ယာယီပိတ်ထားရန် စသည့်အချက်များ ညွှန်ကြားစာတွင် ပါဝင်ကြောင်း တောင်ဒဂုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဆက်လက်ပြီး လှိုင်သာယာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့လည်း ကြားတယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီကိုတော့ အဲဒီညွှန်ကြားစာ ရောက်မလာသေးဘူး” ဟု ပြောကြားသည်။
မြန်မာနိုင်ငံ၌ လက်ရှိတွင် COVID-19 တွေ့ရှိမှုမှာ တစ်နေ့ထက်တစ်နေ့ များပြားလာပြီး လူသေဆုံးမှုများလည်း နေ့စဉ်တိုးပွားလျက်ရှိကာ Stay at Home မြို့နယ်များမှာ ဇူလိုင် ၃ ရက်အထိ ၂၆ မြို့နယ်ရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။















