မြောက်ဥက္ကလာပမြို့နယ်တွင် ရာခိုင်နှုန်းဖြင့် ငွေလွှဲ/ငွေထုတ် လုပ်ကိုင်သူ အမျိုးသမီး တစ်ဦးအား ဖမ်းဆီးရမိကြောင်း ထုတ်ပြန်

မြောက်ဥက္ကလာပမြို့နယ်တွင် ရာခိုင်နှုန်းဖြင့် ငွေလွှဲ/ငွေထုတ် လုပ်ကိုင်သူ အမျိုးသမီး တစ်ဦးအား ဖမ်းဆီးရမိကြောင်း ထုတ်ပြန်
Published 31 May 2021

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်တွင် ရာခိုင်နှုန်းဖြင့် ငွေလွှဲ/ငွေထုတ် လုပ်ကိုင်သူ အမျိုးသမီး တစ်ဦးအား ဖမ်းဆီးရမိကြောင်း ယနေ့ (မေ ၃၁ ရက်) ည ၈ နာရီ သတင်းထုတ်ပြန်မှုအရ သိရသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်အရ ရန်ကုန်မြို့နှင့် အချို့မြို့နယ်များ၌ တရားမဝင် ငွေလွှဲ/ငွေထုတ် အိမ်တိုင်ရာရောက် ဝန်ဆောင်ခ လျော့နည်းနှုန်းများယူ၍ ငွေသားပေး ဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်မှုသည် ငွေရေးကြေးရေး အဖွဲ့စည်းများဥပဒေနှင့် တည်ဆဲဥပဒေများအပေါ် ဖောက်ဖျက် ကျူးလွန်နေသည့်အတွက် ကျူးလွန်နေသူများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး ဆောင်ရွက်ခဲ့ရာ မေ ၂၀ ရက် ည ၁၀ နာရီခွဲအချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (က) ရပ်ကွက်နေ မချိုချိုလှိုင် (၂၉) နှစ်အား သတင်းအရ စစ်ဆေးရာ ၎င်းသည် Online Shopping လုပ်ငန်း လုပ်ကိုင်ကာ အစိုးရဘဏ်၊ ပုဂ္ဂလိကဘဏ်များမှ ငွေထုတ်သူများ တန်းစီ ငွေထုတ်နေမှုအပေါ် အခွင့်ကောင်းယူ၍ ဝန်ဆောင်ခယူကာ အိမ်တိုင်ရာရောက် ငွေသားလိုက်လံ ထုတ်ပေးသည့် လုပ်ငန်းအား လုပ်ကိုင်ခဲ့ကြောင်း၊ ဝန်ဆောင်ခအနေဖြင့် တစ်သိန်းကျပ်လျှင် ငါးရာခိုင်နှုန်း၊ လေးရာခိုင်နှုန်း၊ ရှစ်ရာခိုင်နှုန်းဖြင့် လိုအပ်သည့် ငွေသားအပေါ် မူတည်၍ ပေးဆောင်ရမည့် ဝန်ဆောင်ခ ရာခိုင်နှုန်းအား ကြိုတင်သတ်မှတ်ထားခြင်းမရှိဘဲ ညှိနှိုင်းစျေးဖြင့်သာ ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ ၎င်း၏ ဖုန်းအမှတ် ၀၉၇၀ …… ဖြင့် ဖွင့်လှစ်ခဲ့သည့် Cho Cho Hlaing (Shilly Shally) အကောင့်ဖြင့် လူမှုကွန်ယက် စာမျက်နှာပေါ်တွင် တင်ခဲ့ကြောင်း၊ K Pay ဖုန်းနံပါတ်မှာ ၀၉၇၇…… နှင့်  Mobile Banking ဖုန်းနံပါတ်မှာ ၀၉ ၄၂……. တို့ဖြစ်ကြောင်း စစ်ဆေးဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းဖြစ်စဉ်တွင် ဖော်ထုတ်ဖမ်းဆီးရမိသည့် တရားမဝင် ငွေလွှဲ/ငွေထုတ် အိမ်တိုင်ရာရောက် ဝန်ဆောင်ခ လျော့နည်းနှုန်းများယူ၍ ငွေသားပေး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူ ချိုချိုလှိုင်အား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး အမှုဖွင့်လှစ် ဆောင်ရွက်ထားရှိပြီး ကျန်ရှိသော တရားမဝင် ငွေလွှဲ/ ငွေထုတ် ဆောင်ရွက်သူများအားလည်း ဆက်လက်ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။

Most Read

Most Recent